ဆားလင်းကြီးမြို့နယ်တွင် အရက်ဝယ်ပြန်လာသည့်ရဲ ၂ဦး စစ်ဆေးစဉ် ပြန်လည်အကြမ်းဖက်ခုခံ၍ ပစ်ခတ်ရှင်းလင်း ဟုဆို

ဆားလင်းကြီးမြို့နယ်တွင် အရက်ဝယ်ပြန်လာသည့်ရဲ ၂ဦး စစ်ဆေးစဉ် ပြန်လည်အကြမ်းဖက်ခုခံ၍ ပစ်ခတ်ရှင်းလင်း ဟုဆို

မဇ္စျိမ ။။ စစ်ကိုင်းတိုင်း ၊ ဆားလင်းကြီးမြို့နယ်အတွင်း အရက်ဝယ်ပြန်လာသည့် ရဲနှစ်ဦးအား ဖမ်းဆီးစစ်ဆေးစဉ် အကြမ်းဖက်ပြန်လည်ခုခံသဖြင့် ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း ချင်းတွင်းဂဠုန်ရာဇာပြောက်ကျားတပ်ဖွဲ့ Chindwin Galone Yarzar Guerrilla Defence Force (CGYDF) က နိုဝင်ဘာလ ၁၀ရက်နေ့တွင် သတင်းထုတ်ပြန် သည်။

နိုဝင်ဘာလ ၇ရက်နေ့ ညနေ ၅နာရီ ၄၅မိနစ်အချိန်တွင် ပုသိမ် - မုံရွာလမ်းမပေါ်တွင် နယ်မြေတည်ငြိမ်ရေးနှင့် တရားဥပဒေစိုးမိုးရေးအတွက် စီစဉ်ဆောင်ရွက်နေစဉ် တန်ဆောင်မုန်းလပြည့်ည သောက်စားမူးရူးရန် အတွက် အရက်ဝယ်လာသော ရဲနှစ်ဦးအား ဖမ်းဆီးမိခဲ့ခြင်းဖြစ်ကြောင်း ဆိုသည်။

“မအလရဲ့ ကျွန်သဘောက်လောက်ကောင် ရဲခွေးနှစ်ကောင်မှာ နယ်မြေလုံခြုံရေးဆောင်ရွက်နေသော ပြည်သူ့ကာကွယ်ရေးရဲဘော်များ၏ စစ်ဆေးဆောင်ရွက်‌နေမှုအား အသာတကြည် မလိုက်နာဘဲ ရုန်းရင်းဆန်ခတ်ဖြင့် ပြန်လည်ခုခံမှုကြောင့် အကြမ်းဖက်စစ်ကောင်စီ အာဏာရူးတို့ သွားရာ မရဏလမ်းသို့ ရောက်ရှိ သွားပါကြောင်း” ဟု CGYDF သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါ စစ်ဆေးရှင်းလင်းမှုကို CGYDF ၊ Triple Two Task Force နှင့် Monywa Trust of Force – MOTM တို့ ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required