ပခုက္ကူမြို့နယ်အတွင်းရှိ စစ်ကောင်စီလက်အောက်ခံ တပ်ဖွဲ့များကို ဘုံသဘောတူညီချက်အတိုင်း စစ်ဆင်ရေးပြုလုပ်သွားမည်ဟုဆို

ပခုက္ကူမြို့နယ်အတွင်းရှိ စစ်ကောင်စီလက်အောက်ခံ တပ်ဖွဲ့များကို ဘုံသဘောတူညီချက်အတိုင်း စစ်ဆင်ရေးပြုလုပ်သွားမည်ဟုဆို

မဇ္ဈိမ။ ။မကွေးတိုင်း၊ ပခုက္ကူမြို့နယ်အတွင်းရှိ စစ်ကောင်စီလက်အောက်ခံ တပ်ဖွဲ့များအား ဘုံသဘောတူညီချက်အတိုင်း စစ်ဆင်ရေးပြုလုပ်သွားမည်ဟု ပခုက္ကူမြို့နယ် ကိုယ်စားပြုဒေသခံကာကွယ်ရေးအဖွဲ့ ၁၀ ဖွဲ့မှ နိုင်ဝင်ဘာ ၁၀ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

စစ်ကောင်စီလက်အောက်ခံ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ၊ ရဲတပ်ဖွဲ့ဝင်များ၊ ပြည်သူ့စစ်အမည်ခံ ပျူစောထီးများအား အဓိကထား စစ်ဆင်ရေးပြုလုပ်သွားမည်ဖြစ်ပြီး အမာခံသတင်းပေးဒလန်များ၊ အန္တရာယ်ကြီးမားသော Non-CDM ဝန်ထမ်းများအား သတင်းအချက်အလက်ခိုင်မာအောင် စုံစမ်း၍ တိကျသေချာမှသာ ရှင်းလင်းသွားမည်ဟု ဆိုထားသည်။

ထို့အပြင် ပြည်သူ့အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်စောင့်ရှောက်ပြီး စစ်ကောင်စီနှင့် ပတ်သက်မှုမရှိသော ပြည်သူလူထုအား အကြမ်းဖက်ခြင်း၊ ပြန်ပေးဆွဲခြင်း ၊ ဓားပြတိုက်ခြင်းတို့ ဆောင်ရွက်ခြင်း မပြုလုပ်ရန်နှင့် စစ်ကောင်စီ ဒေါက်တိုင်စစ်စစ်များ၏ ပိုင်ဆိုင်မှုများကိုသာ သိမ်းယူရန် ဘုံသဘောတူညီချက်တွင် ဖော်ပြထားသည်။

ပခုက္ကူမြို့နယ် ကိုယ်စားပြုဒေသခံကာကွယ်ရေးအဖွဲ့သည် အမျိုးသားညီညွတ်ရေးအစိုးရ ကာကာရေးဝန်ကြီးဌာန၏ လမ်းစဉ်၊ မူဝါဒများနှင့်အညီ စစ်ရေးလှုပ်ရှားမှုများ ပြုလုပ်သွားမည်ဖြစ်သကဲ့သို့ စစ်ကောင်စီနှင့် ပတ်သက်မှုမရှိသည့် ပြည်သူများအား အကြမ်းဖက်မှုပြုလုပ်သည့်အဖွဲ့အား NUG ၏ လမ်းညွှန်ချက်နှင့်အညီ အရေးယူမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်းသိရသည်။

အဆိုပါ ဘုံသဘောတူညီချက်အား ပခုက္ကူမြို့နယ် ကိုယ်စားပြုဒေသခံကာကွယ်ရေးအဖွဲ့များဖြစ်သည့် Pakokku People Defence Force(PPDF)၊ ပခုက္ကူမြို့ပြပြောက်ကျားတပ်ဖွဲ့ (၁)တပ်ခွဲ ၊ ပခုက္ကူမြို့ပြပြောက်ကျားတပ်ဖွဲ့ - တပ်ဖွဲ့(၂)၊ Young Force UG ၊ Earthquare's People's Defence Force ၊ RSO(PKU) ၊ PKU N PDF ၊ PKU Ranger ၊ Black Cobra Force နှင့် ပခုက္ကူမြို့နယ်ပြည်သူ့ကာကွယ် ရေးအဖွဲ့(ပကဖ) တို့မှ သဘောတူညီထားခြင်းဖြစ်သည်။

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required