PDF များ ဖမ်းဆီးထားသည့် ဗိုလ်မှူးကတော်အား စစ်ကောင်စီမှ ရဟတ်ယာဉ်သုံးကာ ကယ်တင်ခဲ့ပြီး စခန်းမီးရှို့ခံရဟုဆို

By ကိုခင်မောင်
11 November 2022
PDF များ ဖမ်းဆီးထားသည့် ဗိုလ်မှူးကတော်အား စစ်ကောင်စီမှ ရဟတ်ယာဉ်သုံးကာ ကယ်တင်ခဲ့ပြီး စခန်းမီးရှို့ခံရဟုဆို

November 11

မဇ္ဈိမ။ ။မကွေးတိုင်း၊ ပခုက္ကူမြို့ အမှတ် (၁)ရပ်ကွက်တွင် နေထိုင်သည့် စစ်ကောင်စီတပ်မှ ဗိုလ်မှူးကတော် မဟန်နွေဦးအား ပခုက္ကူအခြေစိုက်ပူးပေါင်းအဖွဲ့မှ ဖမ်းဆီးခဲ့ရာ စစ်ကောင်စီတပ်က ကွန်မင်ဒိုတပ်နှင့် ရဟတ်ယာဉ်သုံးကာ ကယ်တင်ခဲ့ပြီး ပြည်သူ့ကာကွယ်ရေးအဖွဲ့စခန်း မီးရှို့ဖျက်ဆီးခံရကြောင်း သိရသည်။

“မနေ့က မနက်ပိုင်းက အဖွဲ့တချို့ပေါင်းပြီး အဲ့ဒီဗိုလ်မှူးကတော်ကို ဖမ်းသွားတယ်၊ ပခုက္ကူအခြေစိုက်အဖွဲ့နဲ့ တခြားမြို့နယ်အဖွဲ့တွေလို့ သိရတယ်ဗျ။ သူတို့(စကစ) တင်ထားတဲ့ဟာ အမှန်တွေပါ။ နေ့ခင်းပိုင်းကျ စစ်တပ်ဖက်ကထုတ်ပြန်ထားတဲ့အတိုင်း လာကယ်သွားတယ်လို့သိရတယ်။” ဟု အဆိုပါဖြစ်စဉ်နှင့် ပတ်သက်ပြီး Pakokku People Defense Force တာဝန်ရှိသူတစ်ဦးမှ မဇ္ဈိမကို ပြောသည်။

ပခုက္ကူမြို၊ အမှတ်(၁)ရပ်ကွက်ရှိ “မတုတ်မ” လက်ဖက်၊ အကြော်စုံနှင့် စားသောက်ကုန်မျိုးစုံအရောင်းဆိုင်မှ မဟန်နွေဦးအား PDF များမှ လက်လုပ်သေနတ်များကိုင်ဆောင်၍ နိုဝင်ဘာလ ၁၀ရက် နံနက် ၆နာရီခွဲခန့်တွင် ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်ဟု စစ်ကောင်စီက သတင်းထုတ်ပြန်ထားသည်။

မြို့နေဒေသခံများ၏ သတင်းပေးချက်အရ မဟန်နွေဦးကို မြိုင်မြို့နယ်၊ တောင်ရွာအနီးရှိ ကျောက်ဆောင်တမံ ရှင်းလင်းဆောင်အတွင်း ဖမ်းဆီးခေါ်ဆောင်ထားကြောင်း သိရှိရသဖြင့် လုံခြုံရေးအဖွဲ့များမှ သွားရောက်ကယ်တင်ခဲ့သည်ဟု စစ်ကောင်စီ၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ၏ ဖမ်းဆီးခြင်းခံရသည့် ဗိုလ်မှူးကတော် မဟန်နွေဦးအား စစ်ကောင်စီတပ်မှ ကွန်မင်ဒိုတပ်က ရဟတ်ယာဉ်သုံးကာ လာရောက်ကယ်တင်ခဲ့ပြီး ပြည်သူ့ကာကွယ်ရေးပူးပေါင်းအဖွဲ့များ၏ စခန်းလည်း မီးရှိုဖျက်ဆီးခံခဲ့ရကြောင်း သိရသည်။

“လုပ်လိုက်တဲ့ အဖွဲ့ကတော့ အလူးအလဲ ခံလိုက်ရတယ်။ ပစ္စည်းတွေ ဆုံးရှုံး လိုက်ရတာပေါ့။ ကားနဲ့ အခြားပစ္စည်းအချို့၊ စခန်းလည်း မီးရှို့သွားတယ်။ သူတို့လည်း ကြည့်ရတာတော့ ဒီ mission သီးသန့် လုပ်သွားတာ။သူ(စကစ)တို့ လူလည်း ပြန်ရရော အကုန် တပ်ဆုတ်သွားတယ်။ မြေပြင်ထိုးနေတဲ့ စစ်ကြောင်းတွေလည်း နောက်ဆုတ်သွားတာဗျ။” ဟု RSO-PKUအဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောသည်။

အဆိုပါ ဗိုလ်မှူးသည် စစ်ကောင်စီတပ် ခလရ (၄၈ ) တပ်ရင်းမှ ဗိုလ်မှူးဖြစ်ကြောင်းကြားသိရပြီး ဗိုလ်မှူးကတော် မဟန်နွေဦးအား ဖမ်းဆီးခဲ့သည့်အဖွဲ့ကလည်း တစ်ဖွဲ့တည်းသီးသန့်ဟု အတည်မပြုနိုင်သကဲ့သို့ ပူးပေါင်းဆောင်ရွက်ခြင်းလည်း ဖြစ်နိုင်သည်ဟု RSO-PKUအဖွဲ့ တာဝန်ရှိသူက ဆိုသည်။

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima

#ပခုက္ကူမြို့

#ရဟတ်ယာဉ်

#RSO-PKU

#ပြည်သူ့ကာကွယ်ရေးအဖွဲ့

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required