မြန်မာ၌ အခက်အခဲများနှင့် ကြုံနေရသည့် လူ ၁၄ သန်းကျော်အတွက် စာနာမှု အကူအညီ ပေးမည်ဟု ဩစတြေးလျ ကတိပြု

မြန်မာ၌ အခက်အခဲများနှင့် ကြုံနေရသည့် လူ ၁၄ သန်းကျော်အတွက် စာနာမှု အကူအညီ ပေးမည်ဟု ဩစတြေးလျ ကတိပြု

November 11

မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းပြီးနောက်ပိုင်း အခက်အခဲများနှင့် ရင်ဆိုင်နေရပြီး အကူအညီလိုအပ်နေသူ ၁၄ သန်းကျော်အတွက် လူသားချင်းစာနာမှု အကူအညီများ ပေးမည်ဟု ဩစတြေးလျက ကတိပြုလိုက်သည်။

မြန်မာနိုင်ငံတွင်း ဆင်းရဲဒုက္ခများဖြင့် ကြုံတွေ့နေရသူများနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် ထွက်ပြေးသွားကြသူများအတွက် စာနာမှု အကူအညီငွေ ဒေါ်လာ ၁၃၅ သန်း ပေးမည်ဟု ဩစတြေးလျ နိုင်ငံခြားရေးဝန်ကြီး ပန်နီ ဝေါင်က ထုတ်ပြန်ကြေညာသည်။

ယခု အကူအညီငွေကို ကုလသမဂ္ဂ၊ နိုင်ငံတကာ ကြက်ခြေနီနှင့် လခြမ်းနီ လှုပ်ရှားမှုနှင့် အစိုးရမဟုတ်သော အဖွဲ့အစည်းများ (NGOs) မှတစ်ဆင့် ပေးအပ်မည်ဖြစ်ပြီး လူသားချင်းစာနာမှု အကူအညီပေးအပ်ရေး အားထုတ်မှုများကို ထောက်ကူသွားမည် ဖြစ်သည်။

မြန်မာနိုင်ငံတွင် ယမန်နှစ် ဖေဖေါ်ဝါရီလ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း လူသားချင်းစာနာမှု အကူအညီလိုအပ်သူ ဦးရေသည် တစ်သန်းမှ ၁၄ ဒသမ ၄ သန်းအထိ ထိုးတက်သွားခဲ့ကြောင်း ဩစတြေးလျ နိုင်ငံခြားရေးဝန်ကြီးက နိုင်ငံတကာ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီး ပတ် ကွန်ရွိုင်းနှင့် အတူ ပူးတွဲထုတ်ပြန်သည့် ထုတ်ပြန်ချက်တစ်စောင်တွင် ပြောသည်။

“ဩစတြေးလျအနေနဲ့ မိတ်ဖက်ပါတနာ အဖွဲ့အစည်းတွေကနေတစ်ဆင့် အသက်ကယ် အစားအစာ၊ ရေနဲ့ နေရာထိုင်ခင်းတွေ ထောက်ပံ့ပေးအပ်ရင်းနဲ့ ၂၀၂၂-၂၃ ကာလအတွင်း ဒေါ်လာ ၁၃၅ သန်း ကူညီပံ့ပိုးသွားပါမယ်” ဟု ဝေါင်က နိုဝင်ဘာ ၁၀ ရက်တွင် ပြောသည်။

“ဒီ အကူအညီအစီအစဉ်မှာ အမျိုးသမီးတွေ၊ မိန်းကလေးငယ်တွေနဲ့ မသန်စွမ်းတွေ အပါအဝင် အကူအညီ အလိုအပ်ဆုံး ဖြစ်နေသူတွေအတွက် မဖြစ်မနေ အကာအကွယ်ပေးရေး၊ ပညာရေးနဲ့ ကျန်းမာရေး စောင့်ရှောက်မှုအတွက်လည်း ပေးအပ်သွားမှာ ဖြစ်တယ်” ဟု ၎င်းက ပြောသည်။

ထို့ပြင် မြန်မာဘက်မှ ထွက်ပြေးလာသည့် ရိုဟင်ဂျာများကို လက်ခံကူညီပေးထားသည့် ဘင်္ဂလားဒေ့ရှ်ကိုလည်း ဩစတြေးလျ နိုင်ငံခြားရေးဝန်ကြီးက ချီးကျူးပြောဆိုသွားခဲ့သည်။ ခန့်မှန်းခြေအားဖြင့် ရိုဟင်ဂျာ ၉၁၉,၀၀ ကျော်သည် နေရပ်စွန့်ခွာပြီး မြန်မာ၏ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် နေထိုင်လျက် ရှိသည်။

 

(ကိုလူအေး ဘာသာပြန်သည်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly