မြန်မာ့အရေးတွင် အဖြေရရှိရေး အာဆီယံခေါင်းဆောင်များ လုံးပမ်း 

မြန်မာ့အရေးတွင် အဖြေရရှိရေး အာဆီယံခေါင်းဆောင်များ လုံးပမ်း 
Photo - AFP

November 11

စစ်အာဏာသိမ်းအုပ်စု အုပ်ချုပ်နေသော မြန်မာနိုင်ငံတွင် သွေးထွက်သံယိုမှုများ ငြိမ်သက်ရေးအတွက် နည်းလမ်းတစ်ရပ် ရှာနိုင်ရန် အပြင်းအထန် လုံးပမ်းနေသည့် အရှေ့တောင်အာရှ ခေါင်းဆောင်များကြား သောကြာနေ့၌ ထိပ်သီး ဆွေးနွေးပွဲများ ကျင်းပမည်ဖြစ်ရာ မြန်မာနိုင်ငံက အရှိန်မြင့်တက်နေသော ပဋိပက္ခများအရေးက ကြီးစိုးထားမည် ဖြစ်သည်။ 

ပြီးခဲ့သည့်နှစ်က မြန်မာနှင့်အတူ သဘောတူထားပြီး လက်ရှိအထိ စစ်အာဏာသိမ်းအုပ်စုက မျက်ကွယ်ပြုထားသည့် ငြိမ်းချမ်းရေးအစီအစဉ်တစ်ရပ် အကောင်အထည်ဖော်နိုင်ရေး နည်းလမ်းများကို အရှေ့တောင်အာရှနိုင်ငံများအသင်း အာဆီယံမှ ခေါင်းဆောင်များက ဆွေးနွေးကြမည် ဖြစ်သည်။ 

ပြီးခဲ့သည့်နှစ် ဖေဖော်ဝါရီက ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော အရပ်သာအစိုးရကို စစ်တပ်က ဖြုတ်ချလိုက်ချိန်မှစကာ မြန်မာနိုင်ငံသည် သွေးထွက်သံယို ပဋိပက္ခအတွင်း သက်ဆင်းနေပြီး ထိပ်တိုက်တွေ့မှုများတွင် လူနှင့်ချီကာ သေဆုံးရသည်။ 

“ဘုံသဘောတူညီချက် ငါးရပ်” ဟု ခေါ်သော ငြိမ်းချမ်းရေး အစီအစဉ်အပေါ် မြန်မာစစ်ဗိုလ်ချုပ်ကြီးများ၏ မသိကျိုးကျွန်ပြုထားမှုနှင့် လက်ရှိအထိ အကောင်အထည်ဖော်ရေး ခိုင်မြဲသည့် အစီအစဉ် မရှိခြင်းက ကျန် အာဆီယံ ကိုးနိုင်ငံကြား ခံပြင်းမှုများ ကြီးထွားစေသည်။ 

ထိပ်သီးအစည်းအဝေး အိမ်ရှင်ဖြစ်သော ကမ္ဘောဒီးယား ဝန်ကြီးချုပ် ဟွန်ဆန်နှင့် ဆွေးနွေးရာ၌ အကျပ်အတည်း ဖြေရှင်းရေးတွင် “စိတ်ရှည်သည်းခံရန်” ဖိလစ်ပိုင်သမ္မတ ဖာဒီနန် မားကို့စ် ဂျူနီယာက တိုက်တွန်းသည်။ 

စနေနေ့တွင် အမေရိကန်သမ္မတ ဂျိုး ဘိုင်ဒင် တက်ရောက်မည် ဖြစ်သော ဖနွမ်းပင်က အစည်းအဝေးများသို့ စစ်အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင် တက်ရောက်ခွင့်ကို အာဆီယံက ပိတ်ဆို့ထားသည်။ 

ဂျိုး ဘိုင်ဒင်သည် ယင်းအစည်းအဝေးနောက်ပိုင်း တနင်္လာနေ့တွင်အင်ဒိုနီးရှား၌ ဂျီ ၂၀ ထိပ်သီးအစည်းအဝေး ပြင်ပန်းတွင် တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့် တွေ့ဆုံမည် ဖြစ်သည်။ 

အာဆီယံ၏ အကြီးဆုံး ကုန်သွယ်ဖက် တရုတ်နိုင်ငံသည် မြန်မာ စစ်အာဏာသိမ်းအုပ်စုနှင့် သမိုင်းဝင် ကောင်းမွန်သည့် ဆက်ဆံရေး ရှိထားပြီး မြန်မာနိုင်ငံ၌ ဖြစ်ပွားဆဲ ဝရုန်းသုန်းကားအခြေအနေအတွက် စိုးရိမ်သည့်လေသံသာ ပြောဆိုထားသည်။ 

စနေနေ့တွင် ဂျိုး ဘိုင်ဒင် မတက်ရောက်ခင်နှင့် ဖနွမ်းပင်ရှိ အရှေ့အာရှ ထိပ်သီးအစည်းအဝေးအတွက် အခြားသော ဒေသတွင်း ခေါင်းဆောင်များ မစည်းဝေးခင် သောကြာနေ့ နေ့လယ်ပိုင်း၌ တရုတ်ဝန်ကြီးချုပ်က အာဆီယံခေါင်းဆောင်များနှင့် ဆွေးနွေးမှုများ ပြုလုပ်သွားမည် ဖြစ်သည်။ 

(မိုးသဲ ဘာသာပြန်သည်။) 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly