ပါကစ္စတန် အနောက်မြောက်ပိုင်း၌ စစ်သွေးကြွတိုက်ခိုက်မှုများ မြင့်တက်နေခြင်းအား စိုးရိမ်ပူပန်မှုများ ဖြစ်ပေါ်

By The Print
09 November 2022
ပါကစ္စတန် အနောက်မြောက်ပိုင်း၌ စစ်သွေးကြွတိုက်ခိုက်မှုများ မြင့်တက်နေခြင်းအား စိုးရိမ်ပူပန်မှုများ ဖြစ်ပေါ်

ပါကစ္စတန်နိုင်ငံ အနောက်မြောက်ပိုင်း ဆွက်ဒေသတွင် မကြာသေးခင်က တိုက်ခိုက်မှုဖြစ်စဉ်များ ဖြစ်ပွားမှု တစ်ရှိန်ထိုး မြင့်တက်လာမှုကြောင့် အဆိုပါဒေသတွင် ဆယ်စုနှစ် တစ်စုကျော်ကြာပြီးနောက် စစ်သွေးကြွ လှုပ်ရှားမှုနှင့် အကြမ်းဖက်မှုတို့ တစ်ကျော့ပြန် ပြန်ပေါ်လာပြီ ဆိုပြီး စိုးရိမ်ပူပန်မှုများကို မြင့်တက်စေခဲ့သည်။

ခိုင်ဘာ ပက်ခ်တွန်ခဝါ ပြည်နယ် ဆွက်တောင်ကြားဒေသတွင် တီရစ်-အီ-တာလီဘန် ပါကစ္စတန် (TTP) အကြမ်းဖက်အဖွဲ့ ပြန်လည်ခေါင်းထောင်လာမှုက လွန်ခဲ့သည့် ၂၀၀၀ ပြည့်နှစ်အစောပိုင်းက သွေးထွက် သံယိုများခဲ့သော ကာလကို ပြန်လည် အမှတ်ရစေကြောင်း Global Strat View မီဒီယာ၏ သတင်းတစ်ပုဒ်က ဖော်ပြသည်။

“ပိုပြီး စိုးရိမ်စရာကောင်းတာက ဆွက်ဒေသမှာ ဖြစ်ပေါ်နေတဲ့ အခြေအနေကို ကိုင်တွယ်ဖို့ ခုချိန်ထိ ပါကစ္စတန်ရဲ့ အရပ်ဖက်အစိုးရခေါင်းဆောင်ပိုင်းနဲ့ ဩဇာကြီးစစ်တပ်တို့က ပျက်ကွက်နေတာပဲဖြစ်တယ်” ဟု အဆိုပါ သတင်းတွင် ဖော်ပြသည်။

ပါကစ္စတန်စစ်တပ်သည် အကြမ်းဖက်အဖွဲ့နှင့် လုပ်ဆောင်ဆဲ ညှိနှိုင်းဆွေးနွေးမှုများ၏ တစိတ်တဒေသအဖြစ် ဆွက်တောင်ကြားတွင် TTP စစ်သွေးကြွတချို့ကို ပြန်လာခွင့်ပြုခဲ့သည် ဆိုသည့် ထင်ကြေးပေး မှန်းဆချက်များလည်း ထွက်ပေါ်နေကြောင်း Global Strat View က ဖော်ပြသည်။

“ဒါပေမယ့် ခိုင်ဘာ ပက်ခ်တွန်ခဝါမှာ တီတီပီ အဖွဲ့ ပြန်ပြီးခေါင်းထောင်လာတာက ပါကစ္စတန်ရဲ့ ပက်ရှ်တွန် ဧရိယာတွေမှာ ဆူပူ လှုပ်ရှားမှုတွေကို ဖန်တီးဖို့ ကောက်ကျစ်တဲ့ ပရိယာယ်တစ်ခုအဖြစ် ဒေသခေါင်းဆောင်တွေနဲ့ လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူတွေက မြင်ကြပါတယ်” ဟု Global Strat View သတင်းက ဖော်ပြသည်။

TTP အဖွဲ့၏ လှုပ်ရှားမှုများနှင့် စစ်သွေးကြွများ၏ ရည်ရွယ်ချက်ထား သတ်ဖြတ်မှုများ မြင့်တက်လာခြင်းကြောင့် ဆွက်ဒေသတွင် မငြိမ်သက်ဖြစ်မှု အခြေအနေကို မြင်တွေ့ထားရကြောင်း ပါကစ္စတန် မီဒီယာများက ဖော်ပြသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly