နွေဦးတော်လှန်ရေးနေ့စဉ်မှတ်စု (၁၀ နိုဝင်ဘာ ၂၀၂၂) 

နွေဦးတော်လှန်ရေးနေ့စဉ်မှတ်စု (၁၀ နိုဝင်ဘာ ၂၀၂၂) 

နိုဝင်ဘာလ ၁၀ ရက်
 

အမျိုးသားညီညွတ်ရေး အစိုးရ 

  • အာဆီယံအနေဖြင့် NUG၊ NUCC နှင့် CRPH တို့ကို မြန်မာအစိုးရအဖြစ် တရားဝင်ဆက်ဆံရန် လိုအပ်ကြောင်း အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC) က နိုဝင်ဘာ ၁၀ ရက်တွင်  ကြေညာချက် ထုတ်ပြန်ကာ တောင်းဆိုလိုက်သည်။ 

  • တော်လှန်ရေးအင်အားစုများ၏ ညီညွတ်မှုကို အကြမ်းဖက်စစ်ကောင်စီအနေဖြင့် ဘယ်လိုမှ ခံနိုင်မည် မဟုတ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က နိုဝင်ဘာ ၉ ရက်က ပြုလုပ်သည့် အပတ်စဉ် PDF ရဲဘော်များကို မိန့်ခွန်းပြောကြားရာတွင် ထည့်သွင်းပြောကြားခဲ့သည်။ 

  • အကြမ်းဖက်စစ်ကောင်စီ၏ ပြည်သူ့အစိုးရကို အာဏာသိမ်းမှုကနေ ဖြစ်ပေါ်လာသော စိန်ခေါ်မှုများကို စုစည်းမှုအသစ် ညီညွတ်မှုအသစ်အဖြစ်ပြောင်းလဲပြီး အနာဂတ်ကို ရှာဖွေနိုင်ခဲ့ပြီ ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က Global Townhall ဆွေးနွေး ပွဲကို ပေးပို့သည့် မိန့်ခွန်းတွင် ထည့်သွင်း ပြောကြားလိုက်သည်။ 

  • အမျိုးသားညီညွတ်ရေး အစိုးရ၊ ပြည်ထဲရေး နှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၊ တွဲဘက်အမြဲတမ်း အတွင်းဝန် ဒေါက်တာလှိုင်မြင့်ဟန်က ပြည်သူ့ တော်လှန်ရေးတွင် အထက်အောက်မရှိဘဲ အားလုံး ပေါင်းစည်း ညှိနှိုင်းဆောင်ရွက်သွားကြရမည် ဖြစ်သည်ဟု နိုဝင်ဘာ ၉ ရက်က စစ်ကိုင်းတိုင်း၊ မကွေးတိုင်းက မြို့နယ်ပြည်သူ့ အုပ်ချုပ်ရေးအဖွဲ့များ နှင့် တွေ့ဆုံပွဲတွင် ပြောသည်။ 

  • မကွေးတိုင်း ၊ ဂန့်ဂေါမြို့နယ် မြောက်ပိုင်းမှ ဆန်စပါး နှင့် ဆီများကို ပြင်ပသို့ ရောင်းချခြင်းမပြုရန် ပိတ်ပင်တားမြစ်ချက်ကို နိုဝင်ဘာ ၉ ရက်နေ့မှ စ၍ ပြန်လည်ပယ်ဖျက်လိုက်ကြောင်း ဂန့်ဂေါမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ) က ထုတ်ပြန်ကြေညာသည်။ 

 

တော်လှန်ရေး လှုပ်ရှားမှုများ 

  • ရန်ကုန်တိုင်း၊ သာကေတမြိုနယ်၊ စက်မှုလက်မှုရပ်ကွက်၊ ဧရာဝဏ်လမ်း၊ မင်းနန္ဒာအိမ်ရာရှေ့တွင် နိုဝင်ဘာ ၁၀ ရက်၊ နံနက် ၈ နာရီခန့်က မပေါက်ကွဲသေးသည့် လက်လုပ်ဗုံးတစ်လုံး တွေ့ရှိခဲ့ကြောင်း သိရသည်။ 

  • ရန်ကုန်တိုင်း၊ တွံတေးမြို့နယ်၊ ခလုတ်ကျေးရွာက လူငယ်နှစ်ယောက်ကို PDF နှင့် ဆက်နွှယ်နေသည်ဟု ဆိုကာ နိုဝင်ဘာ ၁၀ ရက်၊ နံနက်ပိုင်းက စစ်ကောင်စီတပ်က ပစ်ခတ်ဖမ်းဆီးခဲ့သည်ဟု ကျေးရွာနေသူ များထံက သိရသည်။ 

  • ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်ရှိ နေရာနှစ်ခုအား နိုဝင်ဘာ ၉ ရက်၊ ညပိုင်းက အဝေးထိန်းဗုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း GenerationZ Defence Force & Supply Army အဖွဲ့က ပြောသည်။ 

  • စစ်ကိုင်းတိုင်း၊ ယင်းမာပင်-ဆားလင်းကြီး ရွာပေါင်းစုံ သပိတ် စစ်ကြောင်း ဦးဆောင်ကာ ယနေ့ နိုဝင်ဘာ ၁၀ ရက်တွင် ဖက်ဆစ်စစ်တပ် ချေမှုန်းရေး ချီတက်ဆန္ဒပြခဲ့ကြောင်း သိရသည်။ 

  • စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်၊ ပဲခင်းကြီးရွာ မှ တောင်ပို့ရင်းတံတားအထိ တွင် စစ်ကြောင်း ထိုးလာသော စစ်ကောင်စီတပ်နှင့် တန့်ဆည်PDFတို့ နိုဝင်ဘာ ၉ ရက်၊ နံနက် ၈ နာရီခွဲခန့်က ထိတွေ့တိုက်ပွဲ ပြင်းထန်စွာဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သား ၁၂ ဦး သေဆုံး၍ အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း တန့်ဆည် PDF ထံမှ သိရသည်။ 

  • စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့မရဲစခန်းမှ အပြင်သို့ အရက်ကြောင်ကြောင်ပြီး ထွက်လာသည့်  စစ်ကောင်စီတပ်သား လွမ်းကိုကိုအား နိုဝင်ဘာ ၉ ရက်က နဂါးနီပြောက်ကျားတပ်ဖွဲ့က သွားရောက်ဖမ်းဆီးခဲ့ကြောင်း ထုတ်ပြန်ထားသည်။ 

  • စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်ရှိ ကျောက်ရစ်ရဲစခန်းကို နိုဝင်ဘာ ၉ ရက်၊ နံနက်ပိုင်းက ဒရုန်းဖြင့် ဗုံးသီး ၆ လုံးချပြီး တိုက်ခိုက်ခဲ့ကြောင်း ဒေသကာကွယ်ရေးအဖွဲ့ထံမှ သိရသည်။ 

  • စစ်ကိုင်းတိုင်း ၊ မုံရွာမြို့နယ်အတွင်း စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်ဖွဲ့က သတ်ဖြတ် ထားခဲ့သည့် ပြည်သူ သုံးဦးအလောင်းကို ထန်းလေးပင် ရွာတွင် ယနေ့ ပြန်လည် တွေ့ရှိရကြောင်း ဒေသခံများထံမှ သိရသည်။ 

  • စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်၊ တောင်တွင်းဒေသရှိ ကုန်းမော်ကျေးရွာနှင့် ကျောက်မော်ကျေးရွားများကို မီးရှို့ ဖျက်ဆီးပြီး ပြည်သူတွေပိုင်ဆိုင်သည့် ပစ္စည်းမျာကို လုယက် ခိုးယူလာသည့် စစ်ကောင်စီတပ်နှင့် ပျူစောထီး ပူးပေါင်းစစ်ကြောင်းကို နိုဝင်ဘာ ၈ ရက်က ဒေသကာကွယ်ရေးတပ်ဖွဲ့က ကြားဖြတ် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်တွင် ထိခိုက် သေဆုံးမှုများ ရှိနိုင်ကြောင်း တောင်တွင်းပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ TDPDF မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။ 

  • စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ မုံရွာ - မန္တလေး ကားလမ်းပေါ်တွင် ကာကွယ်ရေးတပ်ဖွဲ့များ ထောင်ထားသည့် မိုင်းများအား တူးဖော်ဖြုတ်ယူပြီး စစ်ကောင်စီတပ်ထံ အပ်နှံသတင်းပို့နေသူ ဦးတင်သိန်းဆိုသူအား ယမန်နေ့ နံနက်ပိုင်းက ဖမ်းဆီးပြီး သုတ်သင်ရှင်းလင်းလိုက်ကြောင်း တိုက်နယ်စွန် PDF တာဝန်ရှိသူက ပြောသည်။ 

  • စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ရှိန်းမကားကျေးရွာတွင် နိုဝင်ဘာ ၇ ရက် (တန်ဆောင်တိုင်လပြည့်နေ့) ညပိုင်းတွင်  စစ်တပ်က လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်၍ အမျိုးသမီး ၁ ဦး သေဆုံးပြီး အဘွားအို ၁ ဦး၊ ကလေးငယ် ၁ ဦး အပါအဝင် ၃ ဦး အပြင်းအထန် ဒဏ်ရာရရှိရာ ကလေးငယ်နှင့် အဘွားအိုမှာ ရရှိသော ဒဏ်ရာကြောင့် အသက်လုနေရကြောင်း နဂါနီးပျောက်ကျားတပ်ဖွဲ့ထံမှ သိရသည်။ 

  • မကွေးတိုင်း၊ ပခုက္ကူမြို့၊ အမှတ် (၁) ရပ်ကွက်တွင် ယနေ့ နံနက်ပိုင်းက စစ်ကောင်စီ တပ်အရာရှိတစ်ဦး၏ ဇနီး မဟန်နွေဦးအား လက်နက်ကိုင်လူငယ် နှစ်ဦး နှင့် အမျိုးသမီးတစ်ဦးက နံနက် ၈ နာရီခန့်အချိန် ဆိုင်ဖွင့်နေချိန် လာရောက် ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ 

  • တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်၊ ကြက်စားပြင်ရွာတွင် နိုဝင်ဘာ ၈ ရက်၊ ညပိုင်းက စစ်ကောင်စီတပ် နှင့် ရဲတပ်ဖွဲ့ဝင်များက နေအိမ်အတွင်းသို့ ဝင်ရောက်ဖမ်းဆီးခဲ့သည့် အမျိုးသားနှစ်ဦး အနက်တစ်ဦး သတ်ဖြတ်ခံခဲ့ရကြောင်း ဒေသခံများထံမှ သိရသည်။ 

  • ပြည်သူများကို ဖမ်းဆီးလာသော သထုံမြို့နယ်၊ အမှတ် ၉  လေ့ကျင့်ရေးတပ်မှ ဒုတပ်ရင်းမှူး ဗိုလ်မှူး ချစ်ဝင်းသူ နှင့်အဖွဲ့ကို ယနေ့ နံနက် ၅ နာရီခွဲခန့်က သထုံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ ) က တိုက်ခိုက်ရာ ဗိုလ်မှူး ချစ်ဝင်းသူ အပါအဝင်စစ်သား ၃ ဦးသေဆုံးပြီး ဖမ်းဆီးခံထားရသော ပြည်သူများကို ကယ်ထုတ်နိုင်ကြောင်း လက်နက်များ သိမ်းဆည်းရမိကြောင်း သထုံမြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့က ပြောသည်။ 

  • ရှမ်းပြည်နယ်၊ ဖယ်ခုံအခြေစိုက် အမြောက်တပ်မှ ယမန်နေ့ နိုဝင်ဘာ ၉ ရက်၊ ညနေ ၉ နာရီခွဲခန့်က လက်နက်ကြီးဖြင့် ရမ်းသန်းပစ်ခတ်မှုကြောင့် ဖယ်ခုံအနောက်ဖက်ခြမ်း လအိကျေးရွာအတွင်း လက်နက်ကြီး နှစ်လုံး ကျရောက်ပြီး နေအိမ်တစ်လုံး ပျက်စီးကာ ပြည်သူ သုံးဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံက သိရသည်။ 

  • ၂၀၂၁ ခုနှစ် မတရားအာဏာလုခဲ့ချိန်ကစပြီး အကြမ်းဖက်စစ်အုပ်စု၏ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုကို ခံခဲ့ရသည့် နစ်နာခံစားရသူများအတွက် တာဝန်ယူမှု တာဝန်ခံမှု ယန္တရားများ နှင့် အရပ်ဖက် လူမှုအဖွဲ့အစည်းများဆီကို အစီရင်ခံနိုင်ရန် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) နဲ့ အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ)  (WLB) တို့က ပူးတွဲတောင်းဆိုချက်တစ်ရပ် ထုတ်ပြန်လိုက်သည်။ 

  • မြန်မာနိုင်ငံတွင် အာဏာသိမ်း ၁ နှစ်ခွဲကျော်အကြာ စစ်ကောင်စီတပ်များ အကြမ်းဖက် ပစ်ခတ်သတ်ဖြတ်မှုများကြောင့် နိုင်ငံတဝန်း အပြစ်မဲ့ ကျဆုံးပြည်သူ နှစ်ထောင်ကျော် နဲ့ ဖမ်းဆီးထိန်းသိမ်းခံရသူပေါင်း တစ်သောင်း ခြောက်ထောင်ကျော် ရှိလာပြီ ဖြစ်ကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) က ထုတ်ပြန်လိုက်သည်။ 

 

တိုင်းရင်းသား လက်နက်ကိုင်များ 

  • ရခိုင်ပြည်နယ် နှင့် ချင်းပြည်နယ်၊ ပလက်၀တွင် နိုဝင်ဘာ ၈ ရက် တစ်နေ့တည်း တိုက်ပွဲ ၅ နေရာ ဖြစ်ပွားပြီး စစ်ကောင်စီဘက်မှ ၁၀ ဦး သေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရမိကြောင်း ရက္ခိုင့်တပ်တော် AA က နိုဝင်ဘာ ၉ ရက်တွင် သတင်းထုတ်ပြန်သည်။ 

  • ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ဆားအင်ကြီးကျေးရွာ နှင့် ပဒေသာကျေးရွာ အနီးတွင် နိုဝင်ဘာ ၁၀ ရက်၊ နံနက် ၇ နာရီခန့်က စစ်ကောင်စီတပ်ရိက္ခာတင်ကားကို ရက္ခိုင့်တပ်တော် (AA)က  ကြားဖြတ်မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ကားတစ်စီးပျက်စီးသွားသည်ဟု ဒေသခံတစ်ဦးက ပြောသည်။ 

  • ရခိုင်ပြည် လွတ်မြောက်ရေးပါတီ (ALP) မှ ဗဟိုကော်မတီဝင် ခိုင်မြသာအား နိုဝင်ဘာ ၇ ရက်က ရက္ခိုင့်တပ်တော် AA မှ ဖမ်းဆီးသွားကြောင်း ALP က ယနေ့ ထုတ်ပြန်သည်။ 

  • KNLA နှင့် PDF တပ်များ ပူးပေါင်း လုံခြုံရေးယူထားသော ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်၊ သေ့ဘောဘိုး ကျေးရွာတစ်၀ိုက်ကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အကြမ်းဖက်စစ်တပ်က တိုက်ခိုက်ရေး ရဟတ် ယာဉ်များဖြင့် နိုဝင်ဘာ ၁၀ ရက်၊ နံနက် ၁၀ နာရီခွဲခန့်က စတင်ပြီး ပစ်ခတ် ဗုံးကျဲလျက်ရှိကြောင်း PDF သတင်းရင်းမြစ်များထံမှ သိရသည်။ 

  • ကရင်နီ (ကယား) ပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ သေးဆူးလဲရွာတွင် တပ်စွဲထားသော စစ်ကောင်စီတပ် ဖွဲ့၀င်များအား နိုဝင်ဘာ ၉ ရက်၊ နေ့လယ်ပိုင်းက စနိုက်ပါဖြင့် ပစ်ခတ်တိုက်ခိုက်ရာ စစ်ကောင်စီ တပ်သားတစ်ဦးသေဆုံးကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF) တပ်ရင်း -၅ က ယနေ့ ထုတ်ပြန်သည်။ 

  • အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်နယ်မြေ ကယားပြည်နယ် မိုးဗြဲဒေသမှာ စစ်ကောင်စီ တပ်မ-၆၆ လက်အောက်ခံ ခြေလျင်တပ်ရင်း- ၁ တပ်ဖွဲ့ဝင်တစ်ဦးက တိုင်းရင်းသားတစ်ဦးကို လူမဆန်ညှဉ်းပန်းနှိပ်စက်ပြီး စစ်ဆေးမေး မြန်းနေတဲ့ ဗီဒီယိုဖိုင်တချို့ကို တိုင်းရင်းသားတော်လှန်ရေးအဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ ကရင်နီ အမျိုးသားများ ကာကွယ် ရေးတပ် (KNDF) ကတဆင့် RFA က ဖော်ထုတ်တင်ဆက်ထားသည်။ 

 

စစ်ကောင်စီ 

  • စစ်ကောင်စီက နေပြည်တော်တွင် အဆင့်မြင့်တက္ကသိုလ်တစ်ခုဖြစ်သည့် Naypyitaw State Academy ကို နိုဝင်ဘာ ၉ ရက်က စတင်ဖွင့်လှစ်လိုက်ပြီး စစ်ကောင်စီ ခေါင်းဆောင် မင်းအောင်လှိုင် တက်ရောက် ဖွင့်လှစ်ပေးခဲ့သည်။ 

  • တိုင်းဒေသကြီး နှင့် ပြည်နယ်တစ်ခုစီက အနည်းဆုံးတက္ကသိုလ်တစ်ခုစီတွင် ပါရဂူဘွဲ့ ချီးမြှင့်သည့် သင်တန်းများ ဖွင့်လှစ်ရန် လိုကြောင်း စစ်ကောင်စီ ခေါင်းဆောင် မင်းအောင်လှိုင်က နိုဝင်ဘာ ၉ ရက်က ပြုလုပ်သည့် Naypyitaw State Academy ဖွင့်ပွဲတွင် ပြောသည်။ 

  • ပြည်ထောင်စု သဘောတူစာချုပ် အစိတ်အပိုင်း (၁) ၊ (၂) နှင့် (၃) တို့ပါ သဘောတူညီချက်များကို ဖွဲ့စည်းပုံ အခြေခံဥပဒေ၊ တည်ဆဲဥပဒေများ နှင့် ကိုက်ညီမှု ရှိမရှိ လေ့လာစိစစ်ချက်များကို စစ်ကောင်စီ ငြိမ်းချမ်းရေး ဆွေးနွေးရေးအဖွဲ့ နှင့် မွန်ပြည်သစ်ပါတီ (NMSP) တို့ နိုဝင်ဘာ ၉ ရက်က နေပြည်တော်တွင် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။ 

  • အာဆီယံ စီးပွားရေး အသိုက်အဝန်း ကောင်စီဝန်ကြီးများ နှင့် အာဆီယံ စွမ်းအင်ဝန်ကြီးများ၊ ပို့ဆောင်ရေး ဝန်ကြီးများ၊ စိုက်ပျိုးရေး နှင့် သစ်တောဝန်ကြီးများ မျက်နှာစုံညီ အစည်းအဝေးကို နိုဝင်ဘာ ၉ ရက်က ကျင်းပပြုလုပ်ခဲ့ပြီး စစ်ကောင်စီ လက်အောက်ခံ ပို့ဆောင်ဆက်သွယ်ရေး ဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်ဆန်း တက်ရောက်ခဲ့ကြောင်း သိရသည်။ 

  • ယခုဘဏ္ဍာနှစ် ဧပြီ ၁ ရက်ကနေ အောက်တိုဘာလကုန်ထိ ပင်လယ်ရေကြောင်း ကုန်သွယ်မှုကနေ ကုန်သွယ်မှု ပမာဏ အမေရိကန်ဒေါ်လာ ၁၄ ဘီလီယံကျော် ရှိခဲ့ကြောင်း စစ်ကောင်စီလက်အောက်ခံ စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီး ဌာနက သိရသည်။ 

  • MOU စနစ်ဖြင့် ထိုင်းနိုင်ငံသို့ လုပ်သားစေလွှတ်မှုအနေဖြင့် ၂၀၂၂ ခုနှစ် မေလ (၁၁) ရက်မှ စတင်၍ အောက်တိုဘာလကုန်အထိ (၇) သောင်းကျော် ပို့ပြီး ဖြစ်သည်ဟု စစ်ကောင်စီ လက်အောက်ခံ အလုပ်သမား ဝန်ကြီးဌာနက သိရသည်။ 

  • မြန်မာနိုင်ငံသားများအနေဖြင့် အကြောင်းကိစ္စအမျိုးမျိုးကြောင့် ထိုင်းနိုင်ငံသို့ လေကြောင်းလိုင်းများမှ တစ်ဆင့် အလည်အပတ်ခရီး လာရောက်ပါက စီစဉ်ထားရမည့် ကိစ္စရပ်များကို စစ်ကောင်စီ လက်အောက်ခံ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးက အသိပေး ထုတ်ပြန်လိုက်သည်။ 

 

နိုဝင်ဘာ ၁၀ ရက် သုံးသပ်ချက် 

  • စစ်ကောင်စီသည် နေပြည်တော်တွင် တိုင်းပြည်ဘတ်ဂျက်ဖြင့် တည်ဆောက်ထားသည့် တက္ကသိုလ်ကြီး တစ်ခုကို ဖွင့်လှစ်လိုက်သည်။ ယင်းတက္ကသိုလ်တွင် ပြည်သူများ တက်ရောက်နိုင်မည်မဟုတ်ဘဲ စစ်ကောင်စီ အသိုင်းအဝိုင်း နှင့် စစ်ကောင်စီ ထိပ်ပိုင်းအရာရှိ သားသမီးများသာ တက်ရောက်နိုင်ရန် စီစဉ်ထားခြင်း ဖြစ်သည်။ 

  • စစ်ကောင်စီ၏ နိုင်ငံတစ်ဝန်း မီးရှို့သတ်ဖြတ်မှုများ ဖမ်းဆီးနှိပ်စက်မှုများကို ပြုလုပ်နေသော်လည်း စစ်ကောင်စီကို ခုခံတော်လှန်မှုများ အရှိန်ရပ်တန့်သွားခြင်း မရှိဘဲ ဆက်လက်အားကောင်းနေဆဲ ဖြစ်သည်။ 

  • မင်းအောင်လှိုင်ဦးဆောင်သည့် စစ်ကောင်စီတပ်များသည် နိုင်ငံအနှံ့ပြည်သူများကို နှိပ်စက်သတ်ဖြတ် မှုများပြုလုပ်နေသည်။ ယခုရက်ပိုင်းမိုးဗြဲတွင် စစ်ကောင်စီ တပ် ၆၆ မှတပ်သားများမှ ပြည်သူတစ်ဦးကို နှိပ်စက်ပြီးနောက် သတ်ဖြတ်လိုက်သည်ဟု ယူဆရသည့် ဗီဒီယိုထွက်ပေါ်လာသည်ကို ကြည့်ခြင်းဖြင့် မင်းအောင်လှိုင်ဦးဆောင်သည့် စစ်တပ်သည် စစ်စည်းကမ်းကျင့်ဝတ်များလိုက်နာကျင့်သုံးခြင်းမရှိဘဲ စစ်ရာဇဝတ်မှုများကို ထင်တိုင်းကျူးလွန်နေသည့် ပြည်သူ့ရန်သူဖြစ်နေသည်။ 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly