ပုလောမြို့နယ်အတွင်း စစ်ကောင်စီတပ်နှင့် PDF တိုက်ပွဲ ၃ကြိမ်ဖြစ် စစ်ကောင်စီဘက်က ၁၅ ဦးသေဆုံး

ပုလောမြို့နယ်အတွင်း စစ်ကောင်စီတပ်နှင့် PDF တိုက်ပွဲ ၃ကြိမ်ဖြစ် စစ်ကောင်စီဘက်က ၁၅ ဦးသေဆုံး

နိုဝင်ဘာလ ၁၀ ရက်

တနင်္သာရီတိုင်း၊ မြိတ်ခရိုင် ပုလောမြို့နယ်အတွင်း နိုဝင်ဘာလ ၈ ရက်နေ့ တစ်ရက်တည်းတွင် စစ်ကောင်စီတပ်များနှင့် ဒေသကာကွယ်ရေးမဟာမိတ်တပ်ဖွဲများအကြား တိုက်ပွဲ သုံးကြိမ် ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ၁၅ ဦးသေဆုံးခဲ့ကာ ဒေသကာကွယ်ရေးတပ်ဖွဲ့များဘက်က ရဲဘော်တစ်ဦး ကျဆုံးခဲ့ကြောင်း မြိတ်ခရိုင်တပ်ရင်း (၁) ၊ ပုလော ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောသည်။

“ ပထမတိုက်ပွဲက မနက်အစောပိုင်းက ကျတော်တို့ကင်းယူထားတဲ့နေရာကို သူတို့လာဝိုင်းရင်း ဖြစ်တာ၊ တိုက်ပွဲ နှစ်နာရီလောက်ကြာတယ် ၊ နောက်မနက် ၇နာရီလောက်မှာ မြိတ်ဘက်ကနေ ပုလော ဘက်ကိုလာတဲ့ စစ်ကောင်စီ ခြေလျင်စစ်ကြောင်းနဲ့ ယာဉ်တန်းကို ပလမြို့ စက်တော်ရာမှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်၊ ည ၁၁နာရီမှာ တစ်ခါ ကျတော်တို့ စခန်းနားကို ဖြတ်တဲ့အချိန်မှာ တစ်ခါ မိုင်းဆွဲတိုက်ခိုက်လိုက်တာ အနည်းဆုံး ၁၅ ဦးသေတယ်၊ အရာရှိ တွေလည်း ပါတယ်” ဟု ပုလော-PDF ကတာဝန်ရှိသူတစ်ဦးက ပြောသည်။

မနက်အစောပိုင်း ကဒဲကျေးရွာအနီး ဖြစ်ပွားသည့်တိုက်ပွဲ၌ နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှုအတွင်း ဒေသကာကွယ်ရေးအဖွဲ့ များဘက်မှ ရဲဘော် တစ်ဦးကျဆုံးပြီး နှစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

မနက်အစောပိုင်းအချိန်ကတည်းက နှစ်ကြိမ်တိုက်ခိုက်ခဲ့ရသည့် စစ်ကောင်စီတပ်များသည် ၎င်းတို့ လာရာ လမ်းတစ်လျှောက်ရှိ ကျေးရွာများက နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ရာ နေအိမ် ၁၀လုံးခန့် မီးလောင်းဆုံးရှုံးခဲ့ကြောင်း သိရသည်။

“ မြိတ်ကနေပြီးတော့လာတဲ့ စစ်ကောင်စီယာဉ်တန်းဟာ ရှေ့ကခြေလျင် လာတယ်၊ နောက်က ယာဉ်တန်း ပါတယ်၊ အဲ့နောက်မှာ ပြည်သူတွေကားတွေလည်းခေါ်လာတယ်။ မိုင်းဆွဲ ခံရပြီးနောက် စစ်ကောင်စီဘက်က ပိုရွာ၊ တိုရွာ၊ တန်းရှင်းရွာ၊ သင်္ကန်းတောရွာတွေမှာ နေအိမ် ၁၀လုံးကို မီးရှို့ဖျက်ဆီးသွားတယ်” ဟု ပလော-PDF က တာဝန်ရှိသူက ပြောသည်။

နိုဝင်ဘာလဆန်းမှ စတင်ကာ မြိတ်ခရိုင်၊ ပလော မြို့ ၊ ပလမြို့တွေမှာ စစ်ကောင်စီတပ်များနှင့် ဒေသကာကွယ်ရေးပူးပေါင်းတပ်များအကြား မကြာခဏဆိုသလို တိုက်ပွဲများ ဖြစ်နေသည့်အတွက် ပြည်သူတွေ အနေဖြင့် သတိထား နေထိုင်ကြဖို့ လိုအပ်ကြောင်း သိရသည်။

“ ကျတော်တို့ဘက်က တော်လှန်ရေးကို အရှိန်မြှင့်လာတဲ့အတွက် တိုက်ပွဲတွေ ခပ်စိတ်စိတ် ဖြစ်လာတာ၊ ပြည်သူတွေကိုတော့ ကျတော်တို့ ထုတ်ပြန်ထားတဲ့ ထုတ်ပြန်ချက် စည်းကမ်းများကို လိုက်နာပေးကြပါ “ ဟု ပုလော-PDF က တာဝန်ရှိသူတစ်ဦးက ပြောသည်။

စစ်ကောင်စီတပ်တွေဘက်က ၎င်းတို့အထိုင်ချတပ်စွဲရာနေရာများကို ကုန်လမ်းမှ အင်အားဖြည့်နေတင်းမှုများ ရှိနေသလို ရေလမ်းကြောင်း အသုံးပြုပြီး အင်အားဖြည့်တင်းနေခြင်းများရှိကြောင်း သိရသည်။

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly