မိုးမောက်မြို့နယ်တွင် စပါးရိတ်သိမ်းချိန် တိုက်ပွဲများဖြစ်ပွားနေ၍ ဒေသခံပြည်သူများ နောက်နှစ် စားနပ်ရိက္ခာအတွက် စိုးရိမ်နေ

မိုးမောက်မြို့နယ်တွင် စပါးရိတ်သိမ်းချိန် တိုက်ပွဲများဖြစ်ပွားနေ၍ ဒေသခံပြည်သူများ နောက်နှစ် စားနပ်ရိက္ခာအတွက် စိုးရိမ်နေ

နိုဝင်ဘာလ ၁၀ ရက်

ကချင်ပြည်နယ် ၊ မိုးမောက်မြို့နယ်တွင် စပါးရိတ်သိမ်းချိန် တိုက်ပွဲများဖြစ်ပွားနေ၍ ဒေသခံပြည်သူများ နောက်နှစ်ဆန်စပါး ပြတ်လပ်မည်ကို စိုးရိမ်နေသည်ဟု မိုးမောက်မြို့နေ သတင်းရင်းမြစ်တစ်ဦးထံမှ သိရသည်။

မိုးမောက်မြို့နယ်အတွင်း စစ်ကောင်စီတပ်နှင့် ကချင်လွတ်မြောက်ရေးတပ်(KIA) တို့ကြား တိုက်ပွဲဖြစ်ပွားချိန် ကျေးရွာအတွင်းနှင့် လယ်များတွင် လက်နက်ကြီးကျရောက်ခဲ့သောကြောင့် ဒေသခံများ စပါးမရိတ်သိမ်းနိုင်ခြင်းဖြစ်သည်ဟု ဆိုသည်။

ယခုလက်ရှိတွင်လည်း မိုးမောက်မြို့နယ်တွင် စစ်ရေးတင်းမာလျက်ရှိပြီး ဒေသခံပြည်သူများအား စပါးရိတ်ရန် ၁၀ရက် အချိန် ပေးထားသည့်အပြင် ရှေ့လျှောက် ပိုဆိုးမည်ဟုလည်း ကြားသိရကြောင်း ၎င်းက ဆိုသည်။

“ စပါးရိတ်ဖို့ အချိန်ခဏသတ်မှတ်ပေးထားပေမယ့် လုံဂျာဘွမ်တစ်ကျောနှင့် လုံဂျာရွာဘက်တွေမှာ စစ်ကောင်စီဘက်က စခန်းချနေနေသလို၊ နေ့တိုင်းလည်း ဝင်ထွက်သွားလာနေတယ်။ အိမ်စီးကားတွေနဲ့လည်း အသုံးများလာတယ်။ နေ့စဉ်နေ့တိုင်း နေရာတကာ လက်နက်ကြီးတွေ စကစဘက်က ရမ်းပစ်နေတာကြောင့် ဒေသခံတွေ စပါးရိတ်သိမ်းဖို့ အခက်အခဲရှိနေဆဲပါ။ အထူးသဖြင့်က လုံဂျာအနီးအနားက လယ်တွေကတော့ ခုချိန်ထိ မရိတ်နိုင်သေးဘဲ၊ တစ်ချို့လယ်တွေကတော့ အချိန်လွန် နေပါပြီ။” ဟု ဒေသခံသတင်းရင်းမြစ် Izam မှ မဇ္ဈိမကိုပြောသည်။

မိုးမောက်မြို့နယ် လုံဂျာရွာ အနီးအနားရှိ လုံဂျာ၊ ဝဝမ်၊ နောင်ပေါင်း၊ ခါနန်အထက်ပိုင်းမှ အများစုသည် လယ်ယာစိုက်ပျိုးမှုများပြားပြီး စပါးရိတ်သိမ်းချိန် ရောက်ပြီဖြစ်သော်လည်း ရိတ်သိမ်းရန်အဆင်မပြေသေးကြောင်း ၎င်းက ဆက်ပြောသည်။

“မြို့နဲ့နီးတဲ့ဒေသနဲ့ စစ်ပွဲတွေမဖြစ်တဲ့ လယ်တောဘက်က စပါးတွေကတော့ ရိတ်သိမ်းပြီး သလောက်ရှိနေပါပြီ။ ပြည်သူတွေကတော့ ဆက်ပြီး ရှောင်တိမ်းနေရဆဲပါ။ အခြေအနေက ဒီထက်ပိုဆိုးရင်လည်း ဆိုးလာနိုင်ပါသေးတယ်။” ဟုလည်း ဒေသခံသတင်းရင်းဖြစ် Izamက ဆိုသည်။

ပြီးခဲ့သည့် အောက်တိုဘာလအတွင်း စစ်ကောင်စီတပ်နှင့် KIA တို့ကြား တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်တပ်ဘက်မှ နေ့စဉ်နီးပါးဆိုသလို တပ်အင်အားလာပို့နေ၍ အင်အား ၆၀၀ ဝန်းကျင်ထက်မနည်းသည် လုံဂျာရွာတွင် တပ်စွဲလျက်ရှိကြောင်း သိရသည်။

မိုးမောက်မြို့ပေါ်တွင် စစ်ဘေးဒုက္ခသည် ၈၀၀ကျော်သည် စိုက်ပျိုးရေးစစ်ဘေးဒုက္ခသည်စခန်း၊ ချမ်းမြေ့ရောင်ခြည် ဘုန်းကြီးကျောင်းစစ်ဘေးဒုက္ခသည်စခန်း၊ မံပုံ RC စစ်ဘေးဒုက္ခသည်စခန်း စသည့်စခန်းများအပြင် ၎င်းတို့နှင့် နီးစပ်သည့် ဘေးလွတ်ရာ ကျေးရွာများတွင် တိမ်းရှောင်ခိုလှုံနေထိုင်ကြဆဲ ဖြစ်ကြောင်းလည်း ဆိုသည်။

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly