မန္တလေးတိုင်း သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးမျိုးသစ်ပြန်လွတ်၊ စုစုပေါင်းလွတ်မြောက်သည့်ဝန်ကြီး ၂ ဦးရှိလာ

မန္တလေးတိုင်း သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးမျိုးသစ်ပြန်လွတ်၊ စုစုပေါင်းလွတ်မြောက်သည့်ဝန်ကြီး ၂ ဦးရှိလာ

နိုဝင်ဘာလ ၁၀ ရက်

မန္တလေးတိုင်း၊ သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးမျိုးသစ်သည် စစ်ကောင်စီ၏ မတရားဖမ်းဆီးခံရခြင်းမှ ယနေ့ပြန်လည်လွတ်မြောက်လာကြောင်း နီးစပ်သူများထံကသိရသည်။

ဦးမျိုးသစ်ကို စစ်တပ်ကအာဏာသိမ်းပြီးနောက် ပြည်သူ့ဝန်ထမ်းများအနေဖြင့် အကြမ်းမဖက် စစ်အာဏာဖီဆန်ရေး CDM လှုပ်ရှားမှုမှာ ပါဝင်ကြရန် ဝန်ကြီးချုပ်ကိုယ်စား လက်မှတ်ရေးထိုးထားသည့် စာတစ်စောင်ကြောင့် ပုဒ်မ ၅၀၅-ခ နဲ့ တရားစွဲခံခဲ့ရခြင်း ဖြစ်သည်။

ချမ်းအေးသာစံမြို့နယ်တရားရုံးတွင် တရားစွဲဆိုခဲ့ခြင်းဖြစ်ပြီး ချုပ်ရက်ခံစားခွင့်ဖြင့် ထောင်ဒဏ် နှစ်နှစ်ချမှတ်ခံခဲ့ရခြင်း ဖြစ်သည်။

ပြီးခဲ့သည့် နိုဝင်ဘာလ ၈ရက်နေ့ကလည်း မန္တလေးတိုင်းဒေသကြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနဝန်ကြီး ဒေါက်တာစိုးသန်း ပြန်လည်လွတ်မြောက်လာခဲ့သည်။

ဒေါက်တာစိုးသန်းကို စစ်တပ်က ၂၀၂၁ခုနှစ်ဖေဖော်ဝါရီလ ၁ရက်နေ့က ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု ဥပဒေပုဒ်မ-၂၅၊သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု ဥပဒေပုဒ်မ-၃၀(က)တို့ဖြင့် တရားစွဲဆိုခဲ့ပြီး၂၀၂၁ခုနှစ် ဒီဇင်ဘာလ ၈ရက်နေ့တွင် အောင်မြေသာစံမြို့နယ်တရားရုံးကထောင်ဒဏ် နှစ်နှစ်ချမှတ်ခဲ့ခြင်း ဖြစ်သည်။

စစ်တပ်ကအာဏာသိမ်းပြီးနောက် မန္တလေးတိုင်းဝန်ကြီးများကို အကြမ်းဖက်ဖမ်းဆီးခဲ့ပြီး ပုဒ်မများတပ်ကာ တရားစွဲထောင်ချထားသည်။ထိုအထဲတွင် ပြည်သူထောက်ခံမှုအများဆုံးရရှိထားသည့် မန္တလေးမြို့တော်ဝန် ဒေါက်တာရဲလွင်ပါဝင်ပြီး လွတ်ရက်စေ့နေပြီဖြစ်သော်လည်း စစ်တပ်က ပုဒ်မထပ်တိုးကာ တရားထပ်မံဆွဲဆိုလိုက်ကြောင်း သိရသည်။

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly