ထိုင်ဝမ်နှင့် တင်းမာနေချိန်တွင် စစ်ပွဲအတွက် ပြင်ဆင်ရန် တရုတ်စစ်တပ်ကို သမ္မတ ရှီကျင့်ဖျင် အမိန့်ပေး

ထိုင်ဝမ်နှင့် တင်းမာနေချိန်တွင် စစ်ပွဲအတွက် ပြင်ဆင်ရန် တရုတ်စစ်တပ်ကို သမ္မတ ရှီကျင့်ဖျင် အမိန့်ပေး

ထိုင်ဝမ်နှင့်ဆက်ဆံရေးတင်းမာနေသောကြောင့် နိုင်ငံ၏လုံခြုံရေး မတည်မငြိမ်ဖြစ်ကာ မရေရာမှု တိုးလာချိန်တွင် တရုတ်အနေဖြင့် စစ်ရေးလေ့ကျင့်မှု ပိုမိုအားကောင်းအောင်လုပ်ကာ စစ်ပွဲမှန်သမျှအတွက် ပြင်ဆင်ထားရမည်ဟု သမ္မတရှီကျင့်ဖျင်က နိုဝင်ဘာ ၈ ရက်က ပြောကြားသည်။

ပေကျင်းမြို့ရှိ ဗဟိုစစ်ကော်မရှင်၏ ပူးတွဲစစ်ဆင်ရေးကွပ်ကဲမှုစင်တာသို့ သမ္မတရှီကျင့်ဖျင်ရောက်ရှိစဉ် ထိုသို့ ညွှန်ကြားခဲ့ကြောင်း Sky News Australia သတင်းတွင် ဖော်ပြထားသည်။

“စစ်တပ်တစ်ခုလုံးအနေနဲ့ စွမ်းအားတွေအားလုံးကို မြှုပ်နှံပြီး တိုက်ပွဲဝင်မှုအသင့်ဖြစ်ရေး လုပ်ဆောင်ကာ အနိုင်တိုက်နိုင်ဖို့ စွမ်းရည်မြှင့်တင်ရမယ်” ဟု ရှီ၏ ပြောကြားချက်ကို နိုင်ငံပိုင်မီဒီယာ ဆင်ဟွာသတင်းဌာနက ဖော်ပြသည်။ ရှီက အကြိမ် ၂၀ မြောက် ကွန်မြူနစ်ပါတီညီလာခံ၏ လမ်းညွှန်မူများကို စေ့စေ့စပ်စပ် လေ့လာ ထုတ်ပြန်၍ အကောင်အထည်ဖော်ရန်နှင့် နိုင်ငံတော် ကာကွယ်ရေးနှင့် စစ်တပ်ကို ခေတ်မီစေရန် ခိုင်မာသော လုပ်ဆောင်ချက်များ ပြုလုပ်ကြရန် စစ်တပ်အား ညွှန်ကြားခဲ့သည်။

တရုတ်ခေါင်းဆောင်က နိုင်ငံတော်၏ အချုပ်အခြာအာဏာ၊ လုံခြုံရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး အကျိုးစီးပွားများကို ပြတ်ပြတ်သားသား ကာကွယ်ရန်နှင့် ပါတီနှင့် ပြည်သူများ အပ်နှင်းထားသော လုပ်ငန်းတာဝန်များကို အောင်မြင်စွာနှင့် ပြီးမြောက်အောင်လုပ်ဆောင်ရန်လည်း ညွှန်ကြားထားကြောင်း Sky News Australia သတင်းတွင် ဖော်ပြထားသည်။

ရှီက ပဋိပက္ခများ ထပ်မံမြင့်တက်လာဖွယ်ရှိသော ညွှန်ကြားချက်များဖြစ်သည့် စစ်ရေးတိုးတက်မှု လျင်မြန်စေရေး၊ နည်းပညာတွင် ကိုယ့်ကိုယ်ကိုမှီခိုအားထားရေးနှင့် ပြည်ပရှိ တရုတ်အကျိုးစီးပွားများကို ကာကွယ်ရေးတို့ကို လုပ်ဆောင်ရန် လွန်ခဲ့လက ပြောဆိုပြီးနောက် ယခုသတိပေးချက် ပေါ်ထွက် လာခြင်းဖြစ်သည်။ ဗဟိုစစ်ကော်မရှင်ဌာန၌ စစ်သားများကို မှာကြားစဉ် တိုက်ပွဲဝင်ဝတ်စုံဝတ်ဆင်ထားသော ရှီသည် ယခင်ကလည်း အလားတူ မှတ်ချက်များ ပြောခဲ့ပြီး ထိုင်ဝမ်အရေးနှင့်ပတ်သက်၍ အမေရိကန်နှင့်ဆက်ဆံရေးတင်းမာလာချိန်တွင် ၎င်းမှတ်ချက်များကို နိုင်ငံပိုင်ရုပ်သံလွှင့်ဌာမှ ထုတ်လွှင့်ခဲ့သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly