ပါကစ္စတန် ကရာချိမြို့တွင် အသက်မပြည့်သေးသည့် ရေဘေးဒုက္ခသည် မိန်းကလေးတစ်ဦး အုပ်စုဖွဲ့ အဓမ္မပြုကျင့်ခံရ

ပါကစ္စတန် ကရာချိမြို့တွင် အသက်မပြည့်သေးသည့် ရေဘေးဒုက္ခသည် မိန်းကလေးတစ်ဦး အုပ်စုဖွဲ့ အဓမ္မပြုကျင့်ခံရ

ပါကစ္စတန်နိုင်ငံ ဆင်းဒ်ပြည်နယ် ရှီကာပူရ်ခရိုင်မှ အသက် ၉ နှစ်ရှိ ရေဘေးဒုက္ခသည် မိန်းကလေး ၁ ဦးကို ကရာချိမြို့တွင် အမျိုးသားများတစ်အုပ်စုက အဓမ္မပြုကျင့်ခဲ့ကြောင်း ပြည်တွင်းမီဒီယာတစ်ခုဖြစ်သည့် Pakistan Observer က ဖော်ပြသည်။

ယခု ဖြစ်စဉ်သည် အဆိုပါနိုင်ငံတွင် ထပ်မံပေါ်ပေါက်ခဲ့သည့် ဝမ်းနည်းဖွယ်ရာ ကလေးသူငယ် လိင်စော်ကား ခံရမှုလည်း ဖြစ်သည်။

ဖြစ်စဉ်သည် ပြီးခဲ့သည့် အောက်တိုဘာ ၂၅ ရက်က ကရာချိမြို့ ကလစ်ဖ်တန် ဧရိယာ၌ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

ဖြစ်စဉ်တွင် အမျိုးသား ၂ ဦးက မိန်းကလေးငယ်ကို အသင့်ရပ်စောင့်နေသည့် ကားတစ်စီးထဲ အတင်းဆွဲခေါ်ပြီး အုပ်စုဖွဲ့ အဓမ္မပြုကျင့်ခဲ့ကြပြီးနောက် သူမအား ဟာဇရတ် အဗ္ဗဒူလာ ရှား ဂါဇီ ဗိမာန်အနီး ထားခဲ့ကာ ထွက်ပြေးသွားခဲ့ကြခြင်း ဖြစ်သည်။

ဆင်းဒ်ပြည်နယ် တရားရုံးချုပ်သည် အဆိုပါ ရေဘေးသင့် မိန်းကလေးငယ် အုပ်စုဖွဲ့ အဓမ္မကျင့်ခံရမှုဖြစ်စဉ်ကို အောက်တိုဘာ ၂၆ ရက်တွင် အလေးထား အာရုံစိုက်ခဲ့ပြီး ဖြစ်စဉ်နှင့်ပတ်သက်ပြီး အောက်တိုဘာ ၂၇ ရက်တွင် ပြည်နယ်တောင်ပိုင်း ရဲတပ်ဖွဲ့အကြီးအကဲကို လူကိုယ်တိုင် လာရောက်ရှင်းပြရန် ဆင့်ခေါ်ထားကြောင်း Pakistan Observer မီဒီယာက ဖော်ပြသည်။

အဓမ္မကျင့်ခံရသည့် မိန်းကလေးငယ်သည် မိခင်၊ မွေးချင်းမောင်နှမ ၅ ဦးတို့နှင့်အတူ ရှား ရာစူးလ် နယ်မြေရှိ လူသွားလမ်းတစ်ခုတွင် ဒုက္ခသည်များအဖြစ် နေထိုင်နေကြသူများဖြစ်သည်။

သမီးဖြစ်သူသည် ကလစ်ဖ်တန် ဧရိယာရှိ ဒိုလ်မန်း ဈေးဆိုင်တန်းအနီးတွင် ငွေနှင့် စားစရာများ တောင်းရမ်းနေစဉ် ကားတစ်စီးဖြင့် ပြန်ပေးဆွဲ ခေါ်ဆောင်ခံရခြင်းဖြစ်ကြောင်း မိခင်ဖြစ်သူက ရဲထံ တိုင်ချက်ဖွင့်စဉ် ပြောသည်။

အဓမ္မကျင့်ခံရသည့် မိန်းကလေးငယ်၏ အခြေအနေသည် အတော်ဆိုးရွားခဲ့ပြီး ခွဲစိတ်ခန်းတွင် စစ်ဆေးမှု ခံယူခဲ့ရကြောင်း မိန်းကလေးငယ်ကို စမ်းသပ်စစ်ဆေးခဲ့သည့် မှုခင်းဆရာဝန် ဒေါက်တာ ဆာမီယာက ပြောသည်။

ယခု ဖြစ်စဉ်ကို Boat Basin ရဲစခန်း၌ ပါကစ္စတန်ပြစ်မှုဆိုင်ရာ ဥပဒေအောက်ရှိ သက်ဆိုင်ရာ ပုဒ်မများဖြင့် အမှုဖွင့်ထားပြီး ကရာချိ ရဲတပ်ဖွဲ့ အကြီးအကဲ ဂျာဗက်ဒ် အော်ဒ်ဟိုက ကိုင်တွယ်စစ်ဆေးလျက် ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly