November 10
အာဆီယံအနေဖြင့် NUG၊ NUCCနှင့် CRPH တို့ကို မြန်မာအစိုးရအဖြစ် တရားဝင်ဆက်ဆံရန် လိုအပ်ကြောင်း NUCC က နိုဝင်ဘာ ၁၀ ရက်တွင် ကြေညာချက်ထုတ်ပြန်ကာ တောင်းဆိုလိုက်သည်။
ယခုလအတွင်း ပြုလုပ်မည့် အာဆီယံထိပ်သီးအစည်းအဝေး မတိုင်မီတွင် NUCC က အိတ်ဖွင့်ပေးစာပေးပို့ကာ တောင်းဆိုလိုက်ခြင်းဖြစ်သည်။
စစ်ကောင်စီသည် ကချင်ပြည်နယ် အနန့်ပါဒေသ၊ စစ်ကိုင်းတိုင်း လက်ယက်ကုန်းကျေးရွာ စာသင်ကျောင်း အစရှိသည့်နေရာများကို လေကြောင်းဖြင့် တိုက်ခိုက်ခဲ့ခြင်း၊ ဒီမိုကရေစီအရေးလှုပ်ရှားသူများကို ဥပဒေမဲ့ ကြိုး ပေးကွပ်မျက်ခြင်း၊ ရွာများကို မီးရှို့ခြင်း၊ မုဒိမ်းကျင့်ခြင်း အစရှိသည့် လူမဆန်မှုများကို လုပ် ဆောင်နေသည်ဟု NUCC က ထုတ်ပြန်သည်။
ယင်းသို့ ပြုလုပ်ခြင်းမှာ အာဆီယံ၏ ဘုံသဘောတူညီချက် ငါးရပ်ကို ချိုးဖောက်ခြင်း၊ အာဆီယံလူ့အခွင့်အရေးနှင့် ဒေသတွင်း တည်ငြိမ်အေးချမ်းမှုကိုပါ ပြောင်ပြောင်တင်းတင်း ချိုးဖောက်နေသည်ဟု NUCC ကထောက်ပြသည်။
အာဆီယံနိုင်ငံများအနေဖြင့် မြန်မာ့အရေး ဘုံသဘောတူညီချက် ငါးရပ်ကို ကျော်လွန်ပြီး ချဉ်းကပ်မှုအသစ်များဖြင့် ဆောင်ရွက်ရမည်ဖြစ်ကြောင်း NUCC ကဆိုသည်။
၂၀၀၈ ဖွဲ့စည်းပုံကို ပြည်သူများက ဖျက်သိမ်းထားသဖြင့် ယင်းဖွဲ့စည်းပုံကို အသုံးပြုပြီး ဖြေရှင်းနည်းမျိုး မဖြစ်ရန်လိုအပ်ကြောင်း NUCC က ဆိုသည်။
စစ်တပ်သည် အကြမ်းဖက်မှုများကို ကျူးလွန်ထားသဖြင့် အာဆီယံ၏ ဂုဏ်သိက္ခာကို ထိခိုက်စေပြီး အနာဂတ်မြန်မာ့နိုင်ငံရေးတွင် စစ်တပ်က လုံးဝ ပါဝင်ခြင်းမရှိစေရေးမူကို အခြေခံသည့် ချဉ်းကပ်မှုမျိုး ဖြစ်ရမည်ဟု NUCC က ထုတ်ပြန်သည်။
ထို့ပြင် ၂၀၂၃ ရွေးကောက်ပွဲကို အာဆီယံနိုင်ငံများက လုံးဝအသိအမှတ် မပြုရန် လိုအပ်ကြောင်း၊ ဖက်ဒရယ်ဒီမိုကရေစီ ထူထောင်ရန် နိုင်ငံရေးလမ်းပြမြေပုံ (၁၂) ချက်ရှိသည်ကို အာဆီယံအနေဖြင့် အလေးအနက်ထားရန် လိုအပ်ကြောင်း NUCC ကဆိုသည်။
လူသားချင်းစာနာထောက်ထားမှု အကူအညီများပေးရာတွင်လည်း စစ်ကောင်စီ၏ လူထုဖိနှိပ်မှု ယန္တရားမဖြစ်စေရန် NUG၊ EROs များ၏ လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေးဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးကော်မတီမှတစ်ဆင့် ပြည်သူများထံ ရောက်ရှိစေရန် အလေးထား ကူညီရမည်ဟု NUCC က ထုတ်ပြန်သည်။
ထို့ပြင် မြန်မာ့အရေးနှင့်ပတ်သက်ပြီး အာဆီယံအဖွဲ့ဝင်အချို့ နိုင်ငံများမှာ တက်ကြွမှုမရှိဘဲ တညီတညွတ်တည်း ပါဝင်ဖြေရှင်းပေးရန်၊ စစ်ကောင်စီကြောင့် ထွက်ပြေးတိမ်းရှောင်ရသူများကို အတင်းအကျပ် ပြန်မပို့ရန် တောင်းဆိုကြောင်း NUCC ကဆိုသည်။
NUCC က တောင်းဆိုထုတ်ပြန်ချက်အား အာဆီယံအဖွဲ့ဝင် နိုင်ငံများရှိ သမ္မတများ၊ ဝန်ကြီးချုပ်များထံ အိတ်ဖွင့်ပေးစာ ပေးပို့ထားခြင်းဖြစ်သည်။
အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC) ကို ရွေးချယ်ခံ လွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းရင်းသား တော်လှန်ရေးအဖွဲ့များ၊ နိုင်ငံရေးပါတီများ၊ လူထုသပိတ်အဖွဲ့ဝင်များ၊ CDM လှုပ်ရှားမှုဆိုင်ရာအဖွဲ့များ၊ သမဂ္ဂများ၊ လူမျိုးအခြေပြု အဖွဲ့အစည်းကောင်စီများဖြင့် ဖွဲ့စည်းထားသည်။
စာတည်း - သန့်ဇော်(သန်လျင်)