မိုင်းဖော်ပြီး စစ်တပ်ကို သတင်းပေးသူ ရှင်းလင်းခံရ

မိုင်းဖော်ပြီး စစ်တပ်ကို သတင်းပေးသူ ရှင်းလင်းခံရ

November 10

ကော်သူးလေ(မဇ္ဈိမ)။ ။စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ် မုံရွာ - မန္တလေး ကားလမ်းပေါ်တွင် ကာကွယ်ရေးတပ်ဖွဲ့များ ထောင်ထားသည့်မိုင်းများအား တူးဖော်ဖြုတ်ယူပြီး စစ်ကောင်စီတပ်ထံ အပ်နှံသတင်းပို့နေသူအား သုတ်သင်ရှင်းလင်းလိုက်ကြောင်း သိရသည်။

ယမန်နေ့ နံနက် ၁၁ နာရီ ၃၀ မိနစ်အချိန်ခန့်တွင် အဆိုပါ အသက် (၆၀) ဝန်းကျင်အရွယ် ဦးတင်သိန်းဆိုသူအား ဖမ်းဆီးပြီး ရှင်းလင်းခြင်းဖြစ်ကြောင်း တိုက်နယ်စွန်PDF တာဝန်ရှိသူက ပြောသည်။

“အဲ့ဒါက နတ်ခရိုင်ရွာနဲ့ နုံးတွင်းရွာကြား လယ်ကြီးဇရပ်အနီးက မုံရွာ - မန္တလေးကားလမ်းဘေးမှာ ထောင်ထားတဲ့မိုင်းတွေကို ဖြုတ်ပြီး စစ်ကောင်စီတပ်ကို သတင်းပေးပြီး လာသယ်ခိုင်းတာဗျ” ဟု ရွာမကျေးရွာသား ဦးတင်သိန်း၏ လုပ်ဆောင်ပုံကို ၎င်းကရှင်းပြသည်။

ဦးတင်သိန်းသည် ကားလမ်းနဘေးတွင် နွားကျောင်းလေ့ရှိပြီး ကာကွယ်ရေးတပ်ဖွဲ့များထောင်ထားသည့် မိုင်းသုံးလုံးကို လွန်ခဲ့သည့် တစ်ပတ်ခန့်ကဖြုတ်ပြီး စစ်ကောင်စီတပ်သားများအား သတင်းပေးကာ ကားတစ်စီးဖြင့် လာရောက်သယ်ယူခိုင်းခဲ့သည်ကို ဒေသခံကာကွယ်ရေးတပ်ဖွဲ့ ကင်းသမားများက မျက်မြင်တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း တိုက်နယ်စွန် PDF တာဝန်ရှိသူက ပြောသည်။

"ပထမတစ်ခါ မသေချာသေးလို့ လွှတ်ပေးထားပြီး ဒုတိယအခါမျက်မြင်သက်သေများ တွေ့ရှိသည့်အတွက် သေချာမှရှင်းလင်းလိုက်တယ်” ဟု တိုက်နယ်စွန် PDF တာဝန်ရှိသူက ပြောသည်။

စစ်အာဏာရှင်ဆန့်ကျင်တိုက်ထုတ်ရေးတွင် ထိုသို့အဖျက်အဆီးလုပ်ကာ စစ်ကောင်စီတပ်အား ဒလန်လုပ်သူများ “အထက်ပါလမ်းအတိုင်း သွားရမည်” ဟု ဒလန်လုပ်သူများသို့ တိုက်နယ်စွန် PDF တာဝန်ရှိသူက သတိပေးပြောဆိုသည်။

တိုက်နယ်စွန် PDF တပ်ဖွဲ့သည် ဒေသခံကာကွယ်ရေးတပ်တစ်ခုအနေဖြင့်လှုပ်ရှားနေပြီး အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်သို့ ဝင်ရန် ကြိုးစားချိတ်ဆက်နေကြောင်း တိုက်နယ်စွန် PDF တာဝန်ရှိသူကပြောသည်။

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima

#တိုက်နယ်စွန်

#စစ်ကောင်စီတပ်

#စစ်ကိုင်းမြို့နယ်

#အမျိုးသားညီညွတ်ရေးအစိုးရ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required