KNUတပ်မဟာ(၅)နယ်မြေကို စစ်ကောင်စီလေကြောင်းဖြင့် တိုက်ခိုက် ဘုရားကျောင်း စာသင်ကျောင်းနှင့် လူနေအိမ်များထိခိုက်ပျက်စီး

KNUတပ်မဟာ(၅)နယ်မြေကို စစ်ကောင်စီလေကြောင်းဖြင့် တိုက်ခိုက် ဘုရားကျောင်း စာသင်ကျောင်းနှင့် လူနေအိမ်များထိခိုက်ပျက်စီး

(မဇ္ဈိမ)။ ။ ကရင်ပြည်နယ်၊ KNUတပ်မဟာ(၅)ထိန်းချုပ်နယ်မြေ၊ မူတြော်ခရိုင်၊ လူသောမြို့နယ် ၊စော်မူပလောကျေးရွာအုပ်စုကို စစ်ကောင်စီတပ်က ယနေ့ နိုဝင်ဘာလ ၉ရက်နေ့ နံနက် ၁နာရီအချိန်ခန့်တွင် လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ယင်းတိုက်ခိုက်မှုကြောင့် တာဘောကျေးရွာနှင့် ကော်ဒဲကျေးရွာအတွင်းရှိ ခရစ်ယာန်ဘုရားရှိခိုးကျောင်းနှင့် မူလတန်းစာသင်ကျောင်း အပါအဝင် နေအိမ်အများအပြား ထိခိုက်ပျက်စီးခဲ့သည်။

“မနက်ကြီး လာကြဲသွားတာ ဒီမှာက ရွာသားတွေပဲရှိတယ်၊ စစ်ကောင်စီဘက်က အဲ့လိုပဲ မထင်ရင်မထင်သလို လေကြောင်းနဲ့လာပစ်တာတွေရှိတယ်၊ သူတို့ လုပ်နေကျအတိုင်း ပြည်သူကို ပစ်မှတ်ထားတာပေါ့”ဟု KNLAနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

စစ်ကောင်စီတပ်သည် ပြည်သူလူထုကို ပစ်မှတ်ထားပြီး တိုက်ခိုက်ခဲ့ကြောင်း ၊ ထိခိုက်ပျက်စီးခဲ့သည့် ဘုရားကျောင်းအနီး ပတ်ဝန်းကျင်တွင် နေထိုင်သော အိမ်များ ထိခိုက်မှုရှိသော်လည်း အရေအတွက်အတိအကျကို စိစစ်အတည်ပြုနေဆဲဖြစ်ကြောင်း KNUက သတင်းထုတ်ပြန်ထားသည်။

စစ်ကောင်စီတပ်သည် ပွင့်လင်းရာသီဖြစ်သည့် အောက်တိုဘာလမှစတင်ကာ တိုင်းရင်းသားလက်နက်ကိုင်များ ထိန်းချုပ်ထားသည့် နေရာများကို စစ်ရေးပစ်မှတ်ထားကာ လေကြောင်းအသုံးပြုပြီး ဗုံးကြဲတိုက်ခိုက်မှုများ မကြာခဏ ပြုလုပ်‌နေခြင်းဖြစ်သည်။

စာတည်း။ ။ဖူးသိမ်ကျ

စာမူတည်းဖြတ်။ ။ သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required