မုံရွာမြို့ရှိ ခလရ (၁၆) အရာရှိ ရိပ်သာကို လက်နက်ကြီးများဖြင့်တိုက်ခိုက်

မုံရွာမြို့ရှိ ခလရ (၁၆) အရာရှိ ရိပ်သာကို လက်နက်ကြီးများဖြင့်တိုက်ခိုက်

မဇ္စျိမ ။ ။စစ်ကိုင်းတိုင်း၊ မုံရွာမြို့ရှိ အမှတ်(၁၆)ခြေလျင်တပ်ရင်း အရာရှိရိပ်သာကို လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း မုံရွာခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (Chindwin Attack Force) တပ်ရင်း (၂) တပ်ခွဲ (၄) Fight For People မှ နိုဝင်ဘာလ ၈ ရက်နေ့က သတင်းထုတ်ပြန်ထားသည်။

နိုဝင်ဘာလ ၇ ရက် တန်ဆောင်မုန်းလပြည့်နေ့ ည ၇ နာရီ ၄၅ မိနစ်အချိန်တွင် အရာရှိရိပ်သာအား လက်လုပ် ၄၀ မမ လေးလုံးဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဆိုသည်။

“ကျနော်တို့ပစ်တဲ့အထဲက နှစ်လုံးကတော့ အတွင်းထဲကျပြီးပေါက်ကွဲတယ်။ ထိခိုက်မှု ရှိတယ်၊ အသေးစိတ်အခြေ အနေကိုတော့ အတည်ပြုလို့မရသေးဘူး” ဟု FFP တာဝန်ရှိသူ တစ်ဦးမှပြောသည်။

အဆိုပါပစ်ခတ်တိုက်ခိုက်မှုကို Fight For People တပ်ဖွဲ့နှင့်အတူ ရွှေတြိဂံ (GTF) တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ် ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

စစ်ကောင်စီတပ်ဖွဲ့များ တပ်စွဲထားသောနေရာများကို အဓိကထား၍ တိုက်ခိုက်နေသောကြောင့် ပြည်သူများ အနေဖြင့် ၎င်းတို့နှင့်ဝေးသောနေရာတွင်နေကြရန် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တိုက်တွန်းထားသည်။

နိုဝင်ဘာလ ၆ ရက်နေ့က မုံရွာမြို့နယ် ထန်းလေးပင်ကျေးရွာတွင်တပ်စွဲထားသော စစ်ကောင်စီတပ်ဖွဲ့များအား မုံရွာခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (Chindwin Attack Force) တပ်ရင်း ၊ တပ်ဖွဲ့များမှ တိုက်ခိုက်ခဲ့ရာ နှစ်ဖက် အကျအဆုံးများ ရှိခဲ့ကြောင်းသိရသည်။

စာတည်း ။ ။စောဖေ

စာမူတည်းဖြတ်။ ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required