နွေဦးတော်လှန်ရေးနေ့စဉ်မှတ်စု (၉ နိုဝင်ဘာ ၂၀၂၂)

နွေဦးတော်လှန်ရေးနေ့စဉ်မှတ်စု (၉ နိုဝင်ဘာ ၂၀၂၂)

အမျိုးသားညီညွတ်ရေး အစိုးရ

· မြန်မာနိုင်ငံကို ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်ရောက်အောင် ကြိုးစားနေသည့် အမျိုးသားညီညွတ်ရေး အစိုးရ NUG ကို ဆက်လက်အားပေး ထောက်ခံသွားမည်ဖြစ်ကြောင်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး အန်တိုနီ ဘလင်ကန်က ယမန်နေ့က ၂၀၂၀ ရွေးကောက်ပွဲ ၂ နှစ်ပြည့်တွင် ထုတ်ပြန် ပြောဆိုလို က်သည်။

· စစ်ပွဲ နှင့် ပဋိပက္ခ အခြေအနေများကြောင့် စစ်ဘေးရှောင်နေရသည့် ပြည်သူများအား လိုအပ်သည့် ကူညီထောက်ပံ့မှုများ ပေးနိုင်ရန်အတွက် အမျိုးသားညီညွတ်ရေးအစိုးရ အမျိုးသမီး၊ လူငယ် နှင့် ကလေးသူငယ်ရေးရာ ဝန်ကြီးဌာန နှင့်အတူ Click for Karen, Music for Change, John VI Film ပူးပေါင်းပြီး The Great Exodus Online Live Show ရန်ပုံငွေ ရှာဖွေခြင်း အစီအစဉ်အား ပြည်သူ့ဘက်တော်သား ဂီတပညာရှင်များနှင့် ပူးပေါင်းပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

· အရပ်သားထိခိုက်မှုလျော့နည်းရေး နှင့် ရိက္ခာဖူလှုံရေးကို အဓိကထားဆောင်ရွက်နေကြောင်း လူသားချင်းစာနာထောက်ထား ရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက နိုဝင်ဘာ ၈ ရက်က ကြားကာလဒေသန္တရ ပြည်သူ့ အုပ်ချုပ်ရေး ဖော်ဆောင်မှု ဗဟိုကော်မတီ နှင့် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားပြု ကော်မတီဝင်များ တွေ့ဆုံ ဆွေးနွေးပွဲတွင် ပြောသည်။

· အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု အမြန်ဆုံးတည်ဆောက်ရေး ပြည်သူလူထု ၊ ဒီမိုကရေစီအင်အားစု ၊ တိုင်းရင်းသား မိတ်ဖက်တော်လှန်ရေးအင်အားစုများ နှင့် ပူးပေါင်းကြိုးပမ်း လုပ်ဆောက်သွားမည်ဟု ပြည်ထောင်စု လွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH)က နိုဝင်ဘာ ၈ ရက်က ထုတ်ပြန်သည့် ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ (၂) နှစ်ပြည့် အထိမ်းအမှတ် သဘောထားထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

· မြိတ်-ထားဝယ်ပြည်ထောင်စုလမ်းမကြီးတစ်လျှောက် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များနှင့် စစ်ကောင်စီ တပ်တို့ နေ့စဥ်တိုက်ပွဲများဖြစ်ပွားနေ၍ ယင်းလမ်းပိုင်းအား ယနေ့ နိုဝင်ဘာ ၉ ရက် မှစ၍ လုံးဝ အသုံးမပြုကြရန် ပြည်သူ့ကာကွယ်ရေးတပ်မတော် ၊ မြိတ်ခရိုင် တပ်ရင်း(၁)က သတိပေးချက် ထုတ်ပြန်သည်။

· တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ ဘုတ်တောင် လမ်းပိုင်းတွင် ကင်းလှည့်နေသော စစ်ကောင်စီတပ်ယာဉ်တန်းကို နိုဝင်ဘာ ၈ ရက်၊ နံနက် ၇ နာရီခန့်က ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၂ ဦးသေဆုံးပြီး ၃ ဦး ဒဏ်ရာရရှိခဲ့သည်ဟု NUG ကာကွယ်ရေးဝန်ကြီးဌာန၊ တောင်ပိုင်းစစ်ဒေသ အမှတ်‌(၂)၊တနင်္သာရီစစ်ဒေသခွဲ ကွပ်ကဲရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

တော်လှန်ရေး လှုပ်ရှားမှုများ

· မြန်မာအကြမ်းဖက် စစ်ကောင်စီမှ ဝန်ကြီး၊ တရားသူကြီးချုပ် အပါအဝင် အရပ်ဘက် ၈ ဦး၊ လေတပ် ဦးစီးချုပ် အပါအဝင် စစ်ဘက် ၈ ဦး၊ စစ်တပ် နှင့် ဆက်နွယ်သော စီးပွားရေးသမား ၃ ဦး စုစုပေါင်း ၁၉ ဦးကို EU က စီးပွားရေးပိတ်ဆို့ကြောင်း နိုဝင်ဘာလ ၈ ရက်နေ့တွင် တရားဝင် သတင်း ထုတ်ပြန်သည်။

· မြန်မာစစ်တပ်အတွက် စစ်လေယာဉ် အစိတ်အပိုင်းများ တင်သွင်းပေးနေသည့် Sky Aviator ကုမ္ပဏီ နှင့် အဆိုပါ လုပ်ငန်း၏ ပိုင်ရှင်လည်းဖြစ် ဒါရိုက်တာလည်းဖြစ်သည့် ဦးကျော်မင်းဦးကို ပိတ်ဆို့ ဒဏ်ခတ် အရေးယူလိုက်ကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန်က နိုဝင်ဘာ ၈ ရက်တွင် ကြေညာလိုက်သည်။

· တနင်္သာရီတိုင်း၊ ထားဝယ်မြို့၊ ကြက်စားပြင် ကျေးရွာထဲသို့ နိုဝင်ဘာ ၈ ရက်၊ ညပိုင်းက စစ်ကောင်စီ တပ် နှင့် ရဲများ ဝင်ရောက်လာပြီး ထားဝယ် PDF ရဲဘော် ကိုအောင်ခိုင်၏ ဖခင် ဦးကြည်လွင် နှင့် အမျိုးသား တစ်ဦးကို ဖမ်းဆီးခဲ့ပြီးနောက် နိုဝင်ဘာ ၉ ရက်၊ နံနက်ပိုင်းတွင် ဦးကြည်လွင်ကို သတ်ဖြတ်ခဲ့ပြီး အလောင်းကို ထားဝယ်မြို့၊ လမ်းမသစ်တွင် တွေ့ရှိရကြောင်း ဒေသခံများက ပြောသည်။

· စစ်ရေးတင်းမာနေသည့် မြိတ်ခရိုင်၊ ပုလောမြို့နယ်တွင် ယမန်နေ့ နိုင်ဝင်ဘာ ၈ ရက်တွင် စစ်ကောင်စီက ထိခိုက်သေဆုံးမှုများပြီးနောက် အရပ်သား နေအိမ် ၁၀ လုံးနီးပါးကို ပစ်မှတ်ထား မီးရှို့ ဖျက်ဆီးပစ်ခဲ့ကြောင်း ဒေသခံများ နှင့် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များ ထံမှ သိရသည်။

· စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ် ဒေသခံ ပြည်သူများ ဦးဆောင်ကာ ယနေ့ နိုဝင်ဘာ ၉ ရက်တွင် စစ်အာဏာရှင် တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

· အကြမ်းဖက် စစ်အာဏာရှင် အမြစ်ဖြတ် ချေမှုန်းရေး စစ်ကိုင်းတိုင်း၊ ယင်းမာပင်-ဆားလင်းကြီး ရွာပေါင်းစုံသပိတ်စစ်ကြောင်းသည် နိုဝင်ဘာ ၉ ရက် ယနေ့တွင် ၆၀၈ ရက်မြောက် အဖြစ် ချီတက် ဆန္ဒပြကြသည်။

· စစ်ကိုင်းတိုင်း၊ လက်ပံတောင်းတောင် ဒေသတွင် ၅/လက်ပံတောင်းတောင် စစ်ကြောင်းမှ ကျဆုံး ရဲဘော်များ တစ်နှစ်ပြည့် အလေးနီပြု အခမ်းအနားသို့ မုံရွာတက္ကသိုလ်ကျောင်းသားများသမဂ္ဂ နှင့် လက်ပံတောင်းတောင်ဒေသ ပင်မတို့ ပူးပေါင်း၍ ပြည်သူများနှင့်အတူ ယနေ့ ပြုလုပ်ခဲ့ကြောင်း သိရသည်။

· စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်တွင် နိုဝင်ဘာ ၈ ရက်၊ နံနက်ပိုင်း စစ်ဆေးရေး လုပ်ဆောင်နေသည့် စစ်သားများ ဒရုန်းဖြင့် ဗုံးသီးချ တိုက်ခိုက်ခံရပြီး ၄ ဦး သေဆုံးကြောင်း MMU အဖွဲ့ထံမှ သိရသည်။

· စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်တွင် စစ်ကြောင်းထိုးနေသော စစ်ကောင်စီတပ်ကို နိုဝင်ဘာ ၈ ရက်၊ နေ့လယ် ၂ နာရီခန့်တွင် တန့်ဆည် ပကဖက မိုင်းဆွဲတိုက်ခိုက်ရာ စစ်သား ၃ ဦး သေဆုံးခဲ့ကြောင်း တန့်ဆည် ပကဖထံက သိရသည်။

· စစ်ကိုင်းတိုင်း၊ အရာတော်နယ် မြောက်ပိုင်း၌ စစ်ကြောင်းထိုးမီးရှို့ဖျက်ဆီးနေသော စစ်ကောင်စီတပ်ကို နိုဝင်ဘာ ၇ ရက်၊ နံနက်ပိုင်းက ဒေသကာကွယ်ရေးအဖွဲ့များက ကြားဖြတ်တိုက်ခိုက်ရာ စစ်ကောင်စီ တပ်သား လေးဦးခန့် သေဆုံးနိုင်ကြောင်း အရာတော်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က သတင်းထုတ်ပြန်သည်။

· စစ်ကိုင်းတိုင်း၊ မုံရွာမြို့ရှိ ခမရ (၁၆) အရာရှိအိမ်ရာကို နိုဝင်ဘာ ၇ ရက်၊ ညပိုင်းက လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Golden Triangle Force အဖွဲ့၏ တာဝန် ခံ ကိုမင်းခေါင်က ပြောသည်။

· စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ ကြွယ်ပုံကျေးရွာရှိ ပျူစောထီးစခန်းကို နိုဝင်ဘာ ၇ ရက်၊ ညနေ ၅နာရီခွဲခန့်က လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း စစ်ကိုင်းနယ်အခြေစိုက် တိုက်နယ်စွန် PDF အဖွဲ့က သတင်းထုတ်ပြန်သည်။

· စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်အတွင်းရှိ နနွင်းကိုင်း၊ ရွှေတစ်ချောင်း၊ ဆူးလေးကုန်း၊ မြစ်သာ၊ သုခဒီပကျေးရွာ ၅ ခုကို နိုဝင်ဘာ ၇ ရက်က စတင်ပြီးစစ်တပ်က အကြောင်းမဲ့ မီးတင်ရှို့နေကြောင်း‌ ဒေသခံများ နှင့် မြောင်ဒေသကာကွယ်ရေးတပ်ထံမှ သိရသည်။

· စစ်ကိုင်းတိုင်း ၊ မုံရွာမြို့နယ် ၊ ထန်းလေးပင်ရွာတိုက်ပွဲတွင် ကျဆုံးခဲ့သည့် ရဲဘော်ခြောက်ဦးကို နိုဝင်ဘာ ၇ ရက်တွင် သင်္ဂြိုဟ်ပြီးစီးကြောင်း မုံရွာခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း (၂)၊ (၃) ၊(၄) (Chindwin Attack Force) ထံမှ သိရသည်။

· စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ လျှော်ဖြူကုန်းနှင့် ဇီးကနား ရွာသား ၁၄ ဦးကို ပြီးခဲ့သည့် ရက်ပိုင်းများက အကြမ်းဖက် စစ်တပ်က အကြောင်းမဲ့ ဖမ်းဆီး နှိပ်စက် သတ်ဖြတ်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

· စစ်ကိုင်းတိုင်း ၊ မုံရွာမြို့တွင် ဖဲရိုက်ပြီး ပြန်လာသည့် စစ်ကောင်စီတပ်ဖွဲ့၏ ကားကို စောင့်ကြိုပစ်ခတ်ခဲ့ရာ ဗိုလ်အဆင့်ရှိသူ နှစ်ဦး အပါအဝင် ခြောက်ဦးသေဆုံးခဲ့ကြောင်း သံမဏိ Force ၊ MPDF တပ်ရင်း (မုံရွာ) က ယမန်နေ့ နိုဝင်ဘာ ၈ ရက်တွင် သတင်းထုတ်ပြန်သည်။

· စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ် အခြေစိုက် PDF Kalay တပ်ရင်း(၁၂) မှ Arsenal(လက်နက်တိုက်) တည်ဆောက်ရေးအတွက် လက်နက်ခဲယမ်းမီးကျောက်များ ဝယ်ယူဖြည့်တင်းရန် ရည်ရွယ်၍ ကံစမ်းမဲအစီစဉ်တစ်ရပ် အောက်တိုဘာလ ၁ ရက်နေ့မှ တစ်လတိတိကျင်းပခဲ့ရာ ကျပ်သိန်း ၃၅၀ ကျော် (အမေရိကန်ဒေါ်လာ ၁၅,၀၀၀ ကျော်) ရရှိခဲ့ကြောင်း သတင်းထုတ်ပြန်ထားသည်။

· ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်၊ ထောက်ကြန့်မြို့ရှိ ခမရ ၁၀၆ တပ်ရင်း ဂိတ်အဝတွင် အောက်တိုဘာ ၈ ရက်၊ ညပိုင်းက ဗုံးပေါက်ကွဲပြီး စစ်ကောင်စီတပ်သားတစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း မြို့ခံများထံက သိရသည်။

· ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်၊ ကျွန်းတောလမ်း နှင့် အောင်သပြေလမ်းထောင့်ရှိ ကျွန်းတောမြောက် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးအား နိုဝင်ဘာ ၇ ရက်၊ ညနေ ၆ နာရီ ၄၅ မိနစ်အချိန်ခန့်က ကာကွယ်ရေးတပ်ဖွဲ့မှ သတိပေးဖောက်ခွဲမှုပြုလုပ်ခဲ့ကြောင်း People Defence Force (Sanchaung) အဖွဲ့တာဝန် ရှိသူက ပြောသည်။

· မကွေးတိုင်း၊ ထီးလင်းမြို့၊ အမှတ် ၁ ရပ်ကွက်တွင် NLD ပါတီ မြို့နယ်အလုပ်အမှုဆောင် ဦးကြည်စိုး နှင့် ညီဖြစ်သူ ဦးမင်းကိုတို့ကို စစ်ကောင်စီ ရဲတပ်ဖွဲ့က ယမန်နေ့ ညပိုင်းက နေအိမ်တွင် လာရောက်ဖမ်းဆီးသွားကြောင်း ထီးလင်းမြို့ခံတစ်ဦးက ပြောသည်။

· မကွေးတိုင်း၊ မြိုင်မြို့နယ်တွင် စစ်အာဏာရှင် ကျဆုံးရေးနှင့် ဆန့်ကျင်ရေး ဆီမီးသပိတ်အဖြစ် နိုဝင်ဘာ ၈ ရက်၊ ညပိုင်းက ပြည်သူများ ချီတက် ကြွေးကြော် ဆန္ဒပြကြသည်။

· မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်ရှိ ပျားရွာကို စစ်ကောင်စီတပ်က နှစ်ရက်ဆက်တိုက် မီးရှို့ဖျက်ဆီးနေပြီး နွားလှည်းပြန်ယူသည့် အမျိုးသားတစ်ဦး ပစ်သတ်ခံရကာ ဖမ်းဆီးခံထားရသူများလည်း ရှိနေကြောင်း ဒေသခံသတင်းရင်းမြစ်က မဇ္စျိမကို ပြောသည်။

· မန္တလေးတိုင်း၊ အမရပူရမြို့နယ်၊ မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ ဒုတပ်ကြပ်အဆင့်ရှိ ရဲတစ်ဦးသည် တန်ဆောင်မုန်းလပြည့်နေ့ ညပိုင်းက အရက်သေစာ သောက်စားပြီးအပြန်တွင် ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း မြစ်ငယ်ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ (Myintnge People Defence Force-MNPDF) က ထုတ်ပြန်ထားသည်။

· မန္တလေးတိုင်း၊ ချမ်းမြသာစည်မြို့နယ်၊ တမ္ပဝတီရပ်ကွက်၊ စစ်ကိုင်း-မန္တလေး ကားလမ်းဘေးရှိ မြို့နယ်ရဲတပ်ဖွဲ့မှူးရုံး နိုဝင်ဘာ ၆ ရက်၊ ညနေ ၄ နာရီခွဲခန့်က ဗုံးပစ်တိုက်ခိုက်ခံရမှုတွင် စစ်ကောင်စီ လက်အောက်ခံ မြို့နယ်အဆင့် ရဲအရာရှိကြီး အပါအဝင် ရဲခြောက်ဦး ထိခိုက်ဒဏ်ရာ ရခဲ့ကြောင်း Special Task Force-Mandalay (STF-MDY) က သတင်းထုတ်ပြန်ထားသည်။

· ဧရာဝတီတိုင်း၊ ပုသိမ်အကျဉ်းထောင်တွင် ယမန်နေ့ နိုဝင်ဘာ ၈ ရက်နေ့က KNU နယ်မြေ၌ ကျဆုံးခဲ့သည့် ပုသိမ်မြို့သား PDF တပ်ဖွဲ့ဝင် ကိုမျိုးမင်းလတ် (ခေါ်) ကိုဘဂျမ်း အတွက် ဆုတောင်းပွဲပြုလုပ်ခဲ့ကြောင်း သိရသည်။

· ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်၊ နဂျပ်ကျေးရွာတောင်ဘက် ခရိုင်ချင်းဆက်လမ်းပေါ် (ဗျူဟာလမ်း) ရှိ ဂူတောင်တောရကျောင်းတွင် စခန်းအခိုင်အမာချနေသော စစ်ကောင်စီတပ်ကို နိုဝင်ဘာ ၆ ရက်၊ ညနေပိုင်းက ရေတာရှည်၊ တပ်ရင်း ၃၅၀၁၊ တပ်ခွဲ ၄ ၏ ချေမှုန်းရေးအဖွဲ့မှ သွားရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ တပ်သား ငါးဦး သေဆုံးပြီး လေးဦး ဒဏ်ရာရရှိခဲ့ကြောင်း ရေတာရှည် PDF သတင်း ရင်းမြစ်က ပြောသည်။

· အကြမ်းဖက်စစ်အာဏာရှင် အမြစ်ဖြတ်ချေမှုန်းရေး ကချင်ပြည်နယ်၊ ဖားကန့်မြို့တွင် ယနေ့ နိုဝင်ဘာ ၉ ရက်၊ နံနက်ပိုင်းက မှော်လှည့်သပိတ်စစ်ကြောင်းက ' ဖားကန့် အနန့်ပါအတွက် ဝမ်းနည်းမှုကို တော်လှန်ရေးခွန်အားအဖြစ် အရှိန်မြှင့်ကြ ' ' ငါတို့ ဘယ်တော့မှ မကြောက်ဘူး ဖားကန့်သားတွေ ' စသည့် ဘန်နာများ ကိုင်ဆောင်ကာ စစ်အာဏာရှင်ဖြုတ်ချရေး ကြွေးကြော်ဆန္ဒပြခဲ့ကြသည်။

· ရှမ်းပြည်နယ် (တောင်ပိုင်း) ၊ အင်းလေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (Inle People Defense Force (IPDF)) မှ စစ်ကောင်စီကို အမြစ်ပြတ် တော်လှန်ရာတွင် လိုအပ်နေသော ကျည်များဖြည့်ရန်အတွက် "သွေးသစ္စာရေးဖို့ ကျည်တွေစုစို့" ကမ်ပိန်းကို နိုဝင်ဘာ ၁ ရက်မှ နိုဝင်ဘာ ၁၅ ရက်အထိ ၁၅ ရက်ကြာ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

· စစ်ကောင်စီ ဖွင့်လှစ်သည့် စာသင်ကျောင်းကို အသိအမှတ်ပြုမည်မဟုတ်ဘဲ ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့များ၏ အမည်များကို အလွဲသုံးစားပြုလုပ်သည့်အပေါ် တာဝန်ခံရမည် ဖြစ်ကြောင်း ဖယ်ခုံ နှင့် မိုးဗြဲ PDF တပ်ဖွဲ့များက ယနေ့ နိုဝင်ဘာ ၉ ရက်တွင် သတိပေးထုတ်ပြန်သည်။

· မြန်မာနိုင်ငံတွင် စစ်တပ်အာဏာသိမ်းပြီး ၂၁ လအတွင်း လက်နက်ကိုင်ပဋိပက္ခ နှင့် တိုက်ပွဲဖြစ်စဉ် များကြောင့် နိုင်ငံတဝန်း မြို့နယ် ၈၁ ခုတွင် ဘာသာရေး အဆောက်အအုံများ အပါအဝင် နေအိမ် ၃၈,၅၆၈ လုံးထက် မနည်း မီးရှို့ဖျက်ဆီးခံခဲ့ရကြောင်း သုတေသန ပြုလုပ်နေသည့် အဖွဲ့တစ်ခု ဖြစ်သည့် မြန်မာ့မဟာဗျူဟာ နှင့် မူဝါဒလေ့လာရေး အင်စတီကျု (ISP Myanmar)က နိုဝင်ဘာ ၈ ရက်က ထုတ်ပြန်လိုက်သည်။

တိုင်းရင်းသား လက်နက်ကိုင်များ

· ကချင်ပြည်နယ်၊ တနိုင်းမြို့၊ လီဒိုလမ်းပိုင်းရှိ နမ်ဖျက်ယန် ကျေးရွာ နှင့် တိန်ကောက်ကျေးရွာ အကြား၌ နိုဝင်ဘာ ၈ ရက်၊ နံနက် ၆ နာရီခန့်က အကြမ်းဖက် စစ်တပ် ခလရ ၂၉၇ တပ်ရင်းမှ စစ်သားများကို ကချင်လွတ်မြောက်ရေးတပ်မတော် KIA၊ တပ်မဟာ ၂ ၊ အမှတ် ၄၃ တပ်ရင်း တပ်ဖွဲ့များမှ စောင့်ကြို တိုက်ခိုက်ခဲ့ပြီး စစ်သား ၁၀ ဦး သေဆုံးခဲ့ကာ အများအပြား ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း ကချင် KIA နယ်မြေခံ သတင်းရင်းမြစ်ထံမှ သိရသည်။

· ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ကော်သူးလေအုပ်ချုပ်နယ်မြေ၊ မူတြော်ခရိုင်၊ လူသောမြို့နယ် စော်မူပလောကျေးရွာအုပ်စုအတွင်း ယနေ့နံနက်အစောပိုင်းတွင် စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်၍ ခရစ်ယာန် ဘုရားရှိခိုးကျောင်းတစ်ကျောင်း နှင့် မူလတန်းကျောင်းတစ်ကျောင်း ပျက်စီးသွားကြောင်း KNU က ထုတ်ပြန်သည်။

· ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်၊ ပလုံတွီရွာနားတွင် နိုဝင်ဘာ ၈ ရက်၊ နေ့လယ်ပိုင်းက CDF-Mindat နှင့် စစ်ကောင်စီတပ်များအကြား အနီးကပ်တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီတပ်သား ၂ ဦးသေဆုံးကြောင်း ဒေသသတင်းရင်းမြစ်များထံက သိရသည်။

· ကရင်နီ (ကယား) ပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်အတွင်း အခေါင်းမပါ၊ အလောင်းမသာကို မြေပေါ်ချ ဖြစ်သလို သဂြိုဟ်ရသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ အသုဘ လုပ်နေသည့် ရုပ်သံဖိုင်ကို ကရင်နီ အမျိုးသား ကာကွယ်ရေးတပ် (KNDF) က ယနေ့ ထုတ်ပြန်လိုက်သည်။

စစ်ကောင်စီ

· UEC ဥက္ကဋ္ဌဟောင်း ဦးလှသိန်း နှင့် အဖွဲ့ဝင်ဟောင်း ဦးမြင့်နိုင်တို့အား နိုင်ငံတော်၏ မေတ္တာနှင့်စေတနာကို နားလည်စေရန်ရှေးရှု၍ ပြစ်ဒဏ်များအား ဖြေလျော့ပေးခဲ့ဟု စစ်ကောင်စီက ယနေ့ ထုတ်ပြန်သည်။

· မြန်မာ-အိန္ဒိယ နှစ်နိုင်ငံဆက်ဆံရေး နှင့် အကျိုးတူ ပူးပေါင်းဆောင်ရွက်ရေးတို့အား ပိုမိုတိုးမြှင့်သွားရန် စစ်ကောင်စီခန့် နိုင်ငံခြားရေး ဝန်ကြီးး ဦးဝဏ္ဏမောင်လွင် နှင့် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံ အမတ်ကြီး မစ္စတာဗီနေးကူးမား တို့ နိုဝင်ဘာ ၈ ရက်က တွေ့ဆုံစဥ်ဆွေးနွေးခဲ့သည်။

· ကုန်သွယ်မှု နှင့် ရင်းနှီးမြှုပ်နှံမှု ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ နားလည်မှု စာချွန်လွှာများကို နိုဝင်ဘာ ၈ ရက်က စစ်ကောင်စီလက်အောက်ခံ ရင်းနှီးမြှုပ်နှံမှု နှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေးဝန်ကြီးဌာန နှင့် ရုရှားနိုင်ငံက ရော့စ်ကွန်ဂရက် ရင်းနှီးမြှုပ်နှံမှု ရန်ပုံငွေအဖွဲ့တို့ အကြား လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။

· အခုဘဏ္ဍာနှစ် ဧပြီ (၁) ရက်ကနေ အောက်တိုဘာ(၂၂)ရက်အထိ မြန်မာ့စက်မှုကုန်ချောထုတ်ကုန် တင်ပို့မှုကနေ အမေရိကန်ဒေါ်လာ ၆ ဘီလီယံကျော် ရရှိခဲ့သည်ဟု စစ်ကောင်စီ လက်အောက်ခံ စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက သိရသည်။

· ရန်ကုန်မြို့ပတ်ရထားလမ်းပိုင်းတွင် လူကူးခုံးကျော်တံတားအသစ်များကို ယခုဘဏ္ဍာနှစ်အတွင်း တည်ဆောက်ပေးသွားမည် ဖြစ်ကြောင်း စစ်ကောင်စီ လက်အောက်ခံ မြန်မာ့မီးရထားက သိရသည်။

· ထိုင်းနိုင်ငံတွင် ယခုရက်ပိုင်းအတွင်း လုံခြုံရေး တင်းကြပ်မည်ဖြစ်သည့်အတွက် ထိုင်းရောက်မြန်မာများ သတိပြုသွားလာနေထိုင်ရန် ဘန်ကောက်မြို့ရှိ စစ်ကောင်စီ လက်အောက်ခံ မြန်မာသံရုံးက နိုဝင်ဘာ ၈ ရက်တွင် အသိပေး ထုတ်ပြန်သည်။

နိုဝင်ဘာ ၉ ရက် သုံးသပ်ချက်

· အကြမ်းဖက်မှု နှင့် လူ့အခွင့်အရေး ချိုးဖောက်မှုများကို ကျူးလွန်နေသည့် စစ်ကောင်စီလက်အောက်ခံ အရပ်ဘက်၊ စစ်ဘက်၊ ဆက်နွှယ်သူများ နှင့် စစ်ကောင်စီ လက်နက်အဝယ်တော်များကို နိုင်ငံတကာက အရေးယူ ပိတ်ဆို့လိုက်ခြင်းသည် နိုင်ငံတကာမျက်နှာစာတွင် နောက်ထပ် နာမည်ဆိုး ဖြစ်ပြီး စစ်ကောင်စီ ဦးဆောင်သော အဖွဲ့ နှင့် ထောက်တိုင်များကို အရေးယူဒဏ်ခတ်မှုများ ဆက်လက်ပြုလုပ်လာနိုင်သည်ဟု သုံးသပ်ရသည်။

· စစ်ကောင်စီသည် စစ်ရေးတင်းမာနေပြီး တော်လှန်ရေးအားကောင်းသည့် ဒေသများကို ပစ်မှတ်ထား မီးရှို့မှုများ ဖမ်းဆီးသတ်ဖြတ်မှုများကို နေ့စဉ် ပြုလုပ်ကျူးလွန်နေသည်ကို တွေ့ရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly