YBS ကားပေါ်ရှိ ခရီးသည်များကို သံတုတ်ဖြင့် ရိုက်နှက်ကာ ဖုန်းလုယူခဲ့သူ ၈ ဦးကို ဖမ်းဆီးရမိ

YBS ကားပေါ်ရှိ ခရီးသည်များကို သံတုတ်ဖြင့် ရိုက်နှက်ကာ ဖုန်းလုယူခဲ့သူ ၈ ဦးကို ဖမ်းဆီးရမိ

နိုဝင်ဘာလ ၉ ရက်

ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ်တွင် YBS ကားပေါ်ရှိ ခရီးသည်များထံမှ သံတုတ်ဖြင့် ခြိမ်းခြောက်ရိုက်နှက်ကာ ဖုန်းလုယက်ခဲ့သူ ရှစ်ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဖမ်းဆီးရမိသူများမှာ လှိုင်ဖြိုးမောင်၊ မျိုးမင်းအောင်၊ အောင်မျိုးသန့်၊ ဖြိုးမောင်၊ ထွန်းထွန်းဦး၊ အောင်ကျော်ဆန်း၊ ဝင်းထူးနှင့် မင်းသိန်းနိုင် တို့ဖြစ်ပြီး လုယက်မှု ကျူးလွန်ရာတွင် အသုံးပြုသည့် Probox အမျိုးအစား မော်တော်ယာဉ်နှင့်အတူ ယနေ့ နိုဝင်ဘာလ ၉ ရက်နေ့ မနက်ပိုင်းက ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်သည်။

ယမန်နေ့ နိုဝင်ဘာလ ၈ ရက်နေ့၊ ညနေပိုင်းက မရမ်းကုန်းမြို့နယ်၊ သမိုင်းဘူတာရုံဈေးလမ်းအတိုင်း မောင်းနှင်လာသည့် YBS ၆၁ ယာဉ်လိုင်းမှ မော်တော်ယာဉ်တစ်စီးပေါ်သို့ အနောက်မှ ကပ်လျက် မောင်းနှင်လာသည့် Probox မော်တော်ယာဉ်ပေါ်မှ သံတုတ်ကိုင်ထားသူ ခုနစ်ဦး တက်လာကာ ခရီးသည်များထံမှ ဖုန်းများ လုယက်ခဲ့ခြင်း ဖြစ်သည်။

ထို့သို့ လုယက်မှု ကျူးလွန်ပြီးနောက် သံတုတ်ကိုင်ထားသည့် လူခုနစ်ဦးက ၎င်းတို့ စီးနင်းလာသည့် ပရိုဘောက်မော်တော်ယာဉ်ဖြင့် သမိုင်း (၇) လမ်းအတွင်းသို့ မောင်းနှင် ထွက်ပြေးသွားခဲ့ခြင်း ဖြစ်သည်။

လုယက်မှုတွင် သံတုတ်ဖြင့် ရိုက်နှက်ခြင်းများကြောင့် ခရီးသည်အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကာ တစ်ဦးမှာ သတိလစ်မေ့မျောသွားမှု ရှိခဲ့ကြောင်း သိရသည်။

စစ်ကောင်စီအာဏာသိမ်းပြီးသည့်နောက်ပိုင်း ရန်ကုန်မြို့ရှိ မြို့နယ် အများစုတွင် လုယက်မှုများ ပုံစံမျိုးစုံဖြင့် ဖြစ်ပွားလျက်ရှိပြီး ကျူးလွန်သူများက အသက်အန္တရာယ်ခြိမ်းခြောက်မှုများကြောင့် ပြည်သူအချိုု့ ထိခိုက်ဒဏ်ရာရရှိမှုနှင့် သေဆုံးမှုများလည်း ရှိနေသည်။

စာတည်း - သန့်ဇော်(သန်လျင်)

ဓာတ်ပုံ - လူမှုကွန်ယက်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly