ထောင်ဒဏ် ၂ နှစ်ကျခံနေရသည့် မန္တလေးတိုင်း ဆည်မြောင်းဝန်ကြီး ဒေါက်တာစိုးသန်း ပြန်လည် လွတ်မြောတ်

ထောင်ဒဏ် ၂ နှစ်ကျခံနေရသည့် မန္တလေးတိုင်း ဆည်မြောင်းဝန်ကြီး ဒေါက်တာစိုးသန်း ပြန်လည် လွတ်မြောတ်

နိုဝင်ဘာလ ၈ ရက်

မန္တလေးတိုင်း၊ ဆည်မြောင်းဝန်ကြီး ဒေါက်တာစိုးသန်းသည် စစ်ကောင်စီ၏ ဖမ်းဆီးတရားစွဲဆိုခြင်းခံရပြီး ထောင်ဒဏ် နှစ် နှစ် ကျခံနေရာမှ ယနေ့ နိုဝင်ဘာ ၈ ရက်နေ့ နံနက်ပိုင်းတွင် ပြန်လည်လွတ်မြောက်လာကြောင်း သိရသည်။

“ပြစ်ဒဏ် နှစ်နှစ်မှာ လျှော့ရက်တွေဘာတွေရယ် ခံစားခွင့်နဲ့ဆိုတော့ ရက်စေ့လို့ပြန်လွှတ် ပေး လိုက်တဲ့သဘောပါပဲ” ဟု ဝန်ကြီးနှင့်နီးစပ်သူတစ်ဦးကပြောသည်။

ပြည်သူ့အစိုးရလက်ထက်က မန္တလေးတိုင်းအစိုးရအဖွဲ့ဝင် စိုက်ပျိုးရေး မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဝန်ကြီးတစ်ဦးဖြစ်သည့် ဒေါက်တာစိုးသန်းကို စစ်ကောင်စီ၏ အိုးဘိုထောင်က ယနေ့ နံနက်ပိုင်းတွင် လွှတ်ပေးခဲ့ခြင်းဖြစ်ကြောင်း မန္တလေးတိုင်း အကျဉ်းဦးစီးဌာနနှင့်နီးစပ်သည့် အသိုက်အဝန်းကအတည်ပြုသည်။

စစ်ကောင်စီသည် အာဏာသိမ်းပြီးနောက် ဝန်ကြီးဒေါက်တာစိုးသန်းကို ဖမ်းဆီး၍ သဘာဝဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုပုဒ်မ ၂၅/၃၀ တို့ဖြင့် တရားစွဲကာ ထောင်ဒဏ် နှစ် နှစ်ချမှတ်ခဲ့ခြင်းဖြစ်သည်။

ဒေါက်တာ စိုးသန်းနှင့်အတူ သယံဇာတဝန်ကြီးဦးမျိုးသစ်လည်း ထောင်ဒဏ် နှစ် နှစ် ချမှတ်ခံထားရပြီး မကြာခင် ပြန်လည်လွတ် မြောက်လာရန်ရှိကြောင်း သတင်းများ ထွက်ပေါ်လျက်ရှိသည်။

စာတည်း။ ။ ဖူးသိမ်ကျ

စာမူတည်းဖြတ်။ ။မောင်ကောင်း

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly