မန္တလေးတွင် မြို့နယ်ရဲတပ်ဖွဲ့မှူးရုံး ဗုံးပစ်တိုက်ခိုက်ခံရ စစ်ကောင်စီလက်အောက်ခံ ရဲမှူးအပါအဝင် ၆ ဦးဒဏ်ရာရ

မန္တလေးတွင် မြို့နယ်ရဲတပ်ဖွဲ့မှူးရုံး ဗုံးပစ်တိုက်ခိုက်ခံရ စစ်ကောင်စီလက်အောက်ခံ ရဲမှူးအပါအဝင် ၆ ဦးဒဏ်ရာရ

နိုဝင်ဘာလ ၈ ရက်

မန္တလေးတိုင်း၊ ချမ်းမြသာစည်မြို့နယ် တမ္ပဝတီရပ်ကွက်၊ စစ်ကိုင်း-မန္တလေးကားလမ်းဘေးရှိ မြို့နယ်ရဲတပ်ဖွဲ့မှူးရုံး ဗုံးပစ်တိုက်ခိုက်ခံရမှုတွင် စစ်ကောင်စီလက်အောက်ခံ မြို့နယ် အဆင့်ရဲအရာရှိကြီးအပါအဝင် ရဲခြောက်ဦး ထိခိုက်ဒဏ်ရာ ရခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် နိုဝင်ဘာ ၆ ရက်နေ့ ညနေ ၄ နာရီ ၃၀ မိနစ်ဝန်းကျင်ခန့်တွင် အဆိုပါ ရဲစခန်းရှေ့တွင် အစောင့်ကျနေသည့်ရဲများအား ဒေသခံ မြို့ပြပြောက်ကျား တပ်ဖွဲ့တစ်ခုဖြစ်သည့် Special Task Force-Mandalay(STF-MDY)က လက်ပစ်ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သတင်းထုတ်ပြန်ထားသည်။

“အဲဒီရုံးက အစောင့်ရဲတွေ လက်ပစ်ဗုံးနဲ့ပစ်ခံရတာပါ။ အပစ်ခံရချိန်မှာ မြို့နယ်ရဲမှူးလည်းရှိနေတော့ သူ့ကိုလည်း ထိတယ်။ ဆေးရုံကား သုံးလေးစီးနဲ့ သယ်ထုတ်သွားတယ်” ဟု တမ္ပဝတီဒေသခံတစ်ဦးက ပြောသည်။

“တမ္ပဝတီရဲစခန်းရှေ့တွင် သေနတ်ကိုင်၍ အစာတောင်းရန်ပြင်နေသော ခွေးခြောက်ကောင်(စစ်ကောင်စီရဲ)အား လျှက်ဆား(လက်ပစ်ဗုံး)တစ်လုံး ပစ်ကျွေးခဲ့ရာ မြို့နယ်မှူး အပါအဝင် ငါးယောက်ထိခိုက်ခဲ့သည်။ လူနာတင်ယာဉ်သုံးစီးနဲ့ခေါ်ဆောင်ခဲ့ရပြီး ကျွန်ုပ်တို့အဖွဲ့သားများ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာလာနိုင်ခဲ့ပါသည်” ဟု Special Task Force-Mandalay(STF-MDY) ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မြို့နယ်ရဲတပ်ဖွဲ့မှူး ပါဝင်ကြောင်းသတင်းအရ မဇ္ဈိမအနေဖြင့် နယ်မြေခံရဲတပ်ဖွဲ့နှင့် နီးစပ်သူများထံ ဆက်သွယ်စုံစမ်းကြည့်သော်လည်း အတည်ပြုချက်မရရှိပေ။

အဆိုပါ ကိစ္စနှင့်ပတ်သက်၍ စစ်အုပ်စု၏ ဝါဒဖြန့်မီဒီယာများတွင် တစ်စုံတစ်ရာ ဖော်ပြထားခြင်းမရှိသေးသည်ကို တွေ့ရပြီး ဗုံးပစ်တိုက်ခိုက်ခံရမှု မှန်ကန်ကြောင်းကိုမူ စစ်ကောင်စီလက်အောက်ခံ မန္တလေးတိုင်းရဲတပ်ဖွဲ့နှင့်နီးစပ်သူများက အတည်ပြု ထား သည်။

စာတည်း။ ။မောင်ကောင်း

စာမူတည်းဖြတ်။ ။ သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly