ပုသိမ်အကျဉ်းထောင်တွင် KNU နယ်မြေ၌ ကျဆုံးခဲ့သည့် ပုသိမ်မြို့သား PDF တပ်ဖွဲ့ဝင် အတွက် ဆုတောင်းပွဲပြုလုပ်

ပုသိမ်အကျဉ်းထောင်တွင် KNU နယ်မြေ၌ ကျဆုံးခဲ့သည့် ပုသိမ်မြို့သား PDF တပ်ဖွဲ့ဝင် အတွက် ဆုတောင်းပွဲပြုလုပ်

နိုဝင်ဘာလ ၈ ရက်

ဧရာဝတီတိုင်း၊ ပုသိမ်အကျဉ်းထောင်တွင် ယနေ့ နိုဝင်ဘာ ၈ ရက်နေ့က KNU နယ်မြေ၌ ကျဆုံးခဲ့သည့် ပုသိမ်မြို့သား PDF တပ်ဖွဲ့ဝင် ကိုမျိုးမင်းလတ် (ခေါ်)ကိုဘဂျမ်း အတွက် ဆုတောင်းပွဲပြုလုပ်ခဲ့ကြောင်းသိရသည်။

ကိုမျိုးမင်းလတ်(ခေါ်)ကိုဘဂျမ်းသည် နိုဝင်ဘာလ ၂ ရက်နေ့ ည ၁၁ နာရီ ၄၅ မိနစ်အချိန်က KNU တပ်မဟာ(၃) နယ်မြေတွင် စစ်ကောင်စီ တပ်ဖွဲ့များပစ်ခတ်ခဲ့သည့် လက်နက်ကြီးထိမှန်ကာ ကျဆုံးခဲ့ခြင်းဖြစ်သည်။

ယနေ့ မွန်းလွဲ ၃ နာရီခန့်တွင် ပုသိမ်အကျဉ်းထောင်၌ မတရားဖမ်းဆီးခံထားရသည့် နိုင်ငံရေးအကျဉ်းသားများက ၎င်းတို့အကျဉ်းချခံထားရသည့် အခန်းများရှေ့တွင် ဆုတောင်းပွဲ ပြုလုပ်ခဲ့ခြင်းဖြစ်သည်ဟု အကျဉ်းထောင်ဝန်ထမ်းတစ်ဦးထံက သိရသည်။

"နွေဦးတော်လှန်ရေးမှာ ကျဆုံးခဲ့တဲ့လူတွေနဲ့ ဟိုတစ်နေ့ကမှ ကျသွားတဲ့ ကိုဘဂျမ်း ဆိုတဲ့လူအတွက်ဆုတောင်းပွဲလုပ်ကြတာပါ။ ကဗျာရွတ်တာတွေ၊ အမှတ်တရစကား ပြောတာတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်” ဟု အကျဉ်းထောင်ဝန်ထမ်း တစ်ဦးက ပြောသည်။

ထို့အပြင် နွေဦးတော်လှန်ရေးတွင် ကျဆုံးသွားသူများအားအလေးပြုခြင်းနှင့် ၂၁ စက္ကန့် ငြိမ်သက်ခြင်းများကိုလည်းပြုလုပ်ခဲ့ကြကြောင်း သိရသည်။

စစ်ကောင်စီလက်အောက်ခံ အကျဉ်းထောင်ဝန်ထမ်းများက ထောင်ဝင်စာပို့ခွင့် ကန့်သတ်မှုများ၊ ထောင်တွင်းစည်းကမ်း တင်းကျပ်မှုများပြုလုပ်နေသည့်ကြားက ယခုကဲ့ သို့ ဆုတောင်းပွဲပြုလုပ်ခဲ့ခြင်းဖြစ်သည်ဟု နိုင်ငံရေးအကျဉ်းသားတစ်ဦး၏ မိသားစုဝင်က ဆိုသည်။

စစ်တပ် အာဏာသိမ်းပြီး နောက်ပိုင်း ပုသိမ်အကျဉ်းထောင်၌ မတရား ဖမ်းဆီး ခံထားရသည့် နိုင်ငံရေးအကျဉ်းသူ ၊ အကျဉ်းသား ဦးရေ ၄၀၀ နီးပါးရှိနေသည်ဟုသိရပြီး ထောင်တွင်းတရားရုံး၌ ထောင်ဒဏ်ချမှတ်ခြင်းခံရသူ ဦးရေ ၁၅၀ ကျော်ခန့်ရှိကြောင်းရှေ့နေ အသိုင်းအဝိုင်းနှင့် နီးစပ်သူများ၏ပြောပြချက်အရသိရသည်။

စာတည်း။ ။မောင်ကောင်း

စာမူတည်းဖြတ်။ ။ အောင်ကျော်ဖြိုး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly