အင်းလေး PDF ၏ "သွေးသစ္စာရေးဖို့ ကျည်တွေစုစို့" ကမ်ပိန်းစတင်

အင်းလေး PDF ၏ "သွေးသစ္စာရေးဖို့ ကျည်တွေစုစို့" ကမ်ပိန်းစတင်

မဇ္ဈိမ။ ။ ရှမ်းပြည်နယ်တောင်ပိုင်း ၊ အင်းလေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (Inle People Defense Force (IPDF)) မှ စစ်ကောင်စီကို အမြစ်ပြတ်တော်လှန်ရာတွင် လိုအပ်နေသော ကျည်များဖြည့်ရန်အတွက် "သွေးသစ္စာရေးဖို့ ကျည်တွေစုစို့" ကမ်ပိန်းကို နိုဝင်ဘာ ၁ ရက်မှ နိုဝင်ဘာ၁၅ ရက်နေ့အထိ ၁၅ ရက်ကြာ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ကမ်ပိန်းအတွက် မဲအစောင်ရေ ၁,၅၀၀ ပြုလုပ်ထားပြီး မဲတစ်စောင် ၁၀,၀၀၀ ကျပ် ဖြင့်ဝယ်ယူ ကံစမ်းနိုင်ပြီး ဆုမဲများမှာ XiaoMi Note 11 Pro 5G နှင့် XiaoMi Watch Lite တို့ဖြစ်သည်။ ပါဝင်ကူညီလှူဒါန်းလိုသူများအနေဖြင့် အင်းလေးပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ ၏ Page Messenger သို့ တိုက်ရိုက် ဆက်သွယ်၍ ငွေလွှဲသည့် အကောင့်အား တောင်းယူကာ လှူဒါန်းနိုင်ကြောင်း အသိပေးထားသည်။

''တော်လှန်ရေးအရှိန်မြင့်ရတော့မယ့် အရေးကြီးတဲ့အချိန်လေးရောက်နေပါပြီ။ ကျွန်တော်တို့ 1009 တပ်ရင်းအတွက် ပွဲကြီးကဖို့ကို ကျည်စုနေကြတော့ ကျွန်တော်တို့ မဲလေးတွေကို ကံစမ်းရင်း တပ်ရင်းအတွက် ပါဝင်အားဖြည့်ပေးကြဖို့ တောင်းဆိုချင်ပါတယ်'' ဟု Inle People Defense Force မှ ပြန်ကြားရေးတာဝန်ခံက မဇ္ဈိမကို ပြောသည်။

''မိုးလည်းကုန်ပြီဆိုတော့ ပွဲတွေလည်း ဆက်လာတော့ပါမယ်။ ကျည်ကလည်း ပွဲတွင်းမှာ ဝယ်ရင် ဈေးကသုံးဆလောက်ပိုတက်တာမို့ ကျည်တွေကအမြဲလိုလိုစု ထားရပါတယ်။ အဲ့ဒါကြောင့် ပြည်သူတွေအားလုံး ဒီကမ်ပိန်းလေးနဲ့ ကျည်တွေတူတူစုကြပြီး ရှေ့တန်းရဲဘော်တွေကိုကူပေးပါဦးလို့ တိုက်တွန်းချင်ပါတယ်'' ဟု Inle People Defense Force မှ ထောက်ပို့တပ်သားတစ်ဦးက ဆိုသည်။

အင်းလေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ Inle People Defense Force ကို ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် ဒီဇင်ဘာလတွင် စတင်တည်ထောင်ခဲ့ခြင်းဖြစ်ပြီး ဖယ်ခုံအရှေ့ကမ်း ဆောင်နန်းခဲတိုက်ပွဲမှာ IPDF ၏ အအောင်မြင်ဆုံး တိုက်ပွဲဖြစ်ကြောင်း သိရသည်။

''အဲ့အချိန်က ကျွန်တော်တို့ဆီမှာ မောင်းပြန်လက်နက်အင်အားလျော့နည်း နေတဲ့ အချိန်ဖြစ်ပြီး ကျွန်တော် တို့အဖွဲ့က မိုင်းနဲ့ drone ကိုသာ အဓိကထား ကူတဲ့အဖွဲ့ပါ။ ကျွန်တော်တို့မိုင်းအဖွဲ့ကပဲ အဓိကရှေ့တန်းမှာ ဆုတ်မိုင်းရော တိုက်မိုင်းပါ ထောင်ရတာပါ။ မိုင်းကြောင့်ပဲ PNO ဘက်က ငါးဦးကျတာကို confirm ရရှိခဲ့ပါတယ်။ အဲဒီပွဲကျ မှသာ ကျွန်တော်တို့ IPDF ရှိတယ်ဆိုတာကို ပြည်သူတွေကသိခဲ့ကြတာပါ'' ဟု Inle People Defense Force မှ ပြန်ကြားရေးတာဝန်ခံက ဆိုသည်။

စာတည်း။ ။မောင်ကောင်း

စာမူတည်းဖြတ်။ ။ အောင်ကျော်ဖြိုး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly