၂၀၂၃ ရွေးကောက်ပွဲသည် ရာသက်ပန် စစ်အာဏာရှင် ကြီးစိုးစေမည့် ရွေးကောက်ပွဲဟု လေ့လာသူများပြော (ရုပ်သံ)

၂၀၂၃ ရွေးကောက်ပွဲသည် ရာသက်ပန် စစ်အာဏာရှင် ကြီးစိုးစေမည့် ရွေးကောက်ပွဲဟု လေ့လာသူများပြော (ရုပ်သံ)

မဇ္ဈိမ။ ။ အာဏာသိမ်း စစ်ကောင်စီက ကျင်းပရန် ပြင်ဆင်နေသည့် ဒီမိုကရေစီအမည်ခံ ၂၀၂၃ အထွေထွေ ရွေးကောက်ပွဲသည် လွတ်လပ်ပြီးတရားမျှတမှုရှိရန် မဖြစ်နိုင်သကဲ့သို့ အကြမ်းဖက်မှုများ ပိုမိုဖြစ်ပွားရန် တွန်းအားပေးခြင်းနှင့် စစ်အာဏာရှင် ကြီးစိုးမည့် ရွေးကောက်ပွဲဖြစ်သည်ဟု နိုင်ငံတကာနှင့် လေ့လာသူများက ပြောသည်။

ယခုကျင်းပမည့် ရွေးကောက်ပွဲကြောင့် မြန်မာပြည်သည် ဒီမိုကရေစီ လမ်းကြောင်းပေါ် ပြန်မရောက်နိုင်သည့်အပြင် တိုင်းပြည်တစ်ခုလုံး စစ်အာဏာရှင်လွှမ်းမိုးမှုအောက်ကို ရာသက်ပန် ရောက်သွားလိမ့်မည်ဟု နိုင်ငံရေးလေ့လာသူ ဦးသန်းစိုးနိုင်က မဇ္ဈိမကို ပြောသည်။

“တကယ်လို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သမ္မတဖြစ်လာလို့ ရှိရင်လည်း သမ္မတ ဝတ်စုံဝတ်ထားတဲ့ စစ်အာဏာရှင် လွှမ်းမိုးမှုဖြစ်မှာပဲ။ ကျွန်တော်တို့ တပြည်လုံးကို ရာသက်ပန် စစ်အာဏာရှင်စနစ် လွှမ်းမိုးမှုအောက်မှာ စစ်ဖိနပ်နဲ့ နင်းထားတဲ့ တိုင်းပြည်ဖြစ်အောင် ကြိုးပမ်းမှာ ဖြစ်တယ်” ဟု ဦးသန်းစိုးနိုင်က ပြောသည်။

ထို့ပြင် စစ်အာဏာရှင်၏ ရှေ့လုပ်ငန်းစဉ်များကို သိရှိထားသည့် ဒီမိုကရေစီ တော်လှန်ရေး အင်အားစုများနှင့် ပြည်သူတစ်ရပ်လုံးက ရွေးကောက်ပွဲမဖြစ်မြောက်ရေး အတွက် ဝိုင်းဝန်း တုံ့ပြန်ကြလိမ့်မည်ဟု ဦးသန်းစိုးနိုင်က ဆိုသည်။

မြန်မာနိုင်ငံတွင် စစ်တပ်၏ အာဏာသိမ်းမှုကြောင့် ဒေသမတည်မငြိမ်ဖြစ်ကာ နိုင်ငံအနှံ့ လက်နက်ကိုင် ခုခံတိုက်ပွဲများ ဖြစ်ပွားနေပြီး ရန်ကုန်၊ မန္တလေးအပါအဝင် မြို့ကြီးများတွင် စစ်ကောင်စီတပ်ကို ပစ်မှတ်ထားသော မြို့ပြတိုက်ခိုက်မှုများလည်း ဆက်လက်ရှိနေဆဲ ဖြစ်သည်။

ထိုကဲ့သို့အခြေအနေအတွင် လွတ်လပ်ပြီး တရားမျှတမှု မရှိနိုင်သော အာဏာသိမ်း စစ်ကောင်စီ၏ ဒီမိုကရေစီအမည်ခံ အတုအယောင် ၂၀၂၃ ရွေးကောက်ပွဲကို သပိတ် မှောက်ကြရန် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံရုံးက ၂၀၂၀ အထွေထွေရွေး ကောက်ပွဲ နှစ်နှစ်ပြည့် နှစ်ပတ်လည်နေ့ ယနေ့ နိုဝင်ဘာလ ၈ ရက်နေ့တွင် တိုက်တွန်း လိုက်သည်။

ထို့ပြင် အားလုံးပါဝင်နိုင်သည့် မြန်မာနိုင်ငံအဖြစ် အကောင်အထည်ဖော်ရန် ဒီမိုကရေစီလိုလားသည့် NUG ၊ NUCC ခေါင်းဆောင်များနှင့်သာ အဓိပ္ပါယ်ရှိရှိ ထိတွေ့ဆက်ဆံကြရန် အမေရိကန် သံရုံးက နိုင်ငံတကာကို တိုက်တွန်းထားသည်။

“နိုင်ငံတကာက စစ်ကောင်စီဟာ ဗမာပြည်ကို ဒီမိုကရေစီလမ်းကြောင်းပေါ် ရောက်အောင်တွန်းတင် နေတယ်ဆိုတဲ့ အမြင်ကို ရရှိဖို့အတွက် ရွေးကောက်ပွဲ ကျင်းပတာ ဖြစ်ပါတယ်။ နောက်တစ်ခုက ဒီစစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ အတ္တကြီးမားမှုအတွက် သူ့ကို သမ္မတအဖြစ် ရွေးချယ် တင်မြှောက် ပေးမယ့် လွှတ်တော်တစ်ရပ် ပြန်လည်ဖွဲ့စည်းဖို့ လိုအပ်နေပါတယ်။ အဲဒီလိုအပ်ချက် နှစ်ရပ်ကြောင့် မဖြစ်မနေ ရွေးကောက်ပွဲ ကျင်းပဖို့ ကြိုးပမ်းမှာပါ” ဟု ဦးသန်းစိုးနိုင်က ပြောသည်။

ထို့ပြင် အာဏာရ အင်အားကြီးပါတီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီအနေဖြင့်လည်း စစ်ကောင်စီ၏ လာမည့်ရွေးကောက်ပွဲကို သပိတ်မှောက် ပယ်ချလိုက်ကြောင်း ယနေ့ နိုဝင်ဘာလ ၈ ရက် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ နှစ်နှစ်ပြည့် နှစ်ပတ်လည်နေ့တွင် ကြေညာခဲ့သည်။

၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် မဲမသာမှုပေါင်းများစွာ ရှိသည်ဟု အကြောင်းပြချက်ဖြင့် ၂၀၂၁ ခုနှစ်ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် စစ်တပ်က အာဏာ သိမ်းယူခဲ့သည်။ ထို့ပြင် စစ်တပ်သည် နိုင်ငံတော်သမ္မတဦးဝင်းမြင့်နှင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ဒီမိုကရေစီအရေး တက်ကြွ လှုပ်ရှားသူများကို ကြီးလေးသော ပုဒ်မများ တပ်ကာ ထောင်သွင်းအကျဉ်းချထားသည်။

နိုင်ငံအတွင်း စစ်ရာဇဝတ်မှု မျိုးစုံကို ကျူးလွန်နေသော အာဏာရှင် စစ်ကောင်စီ၏ ဝင်ငွေရလမ်းနှင့် အရင်းအမြစ်များကို ဆက်လက်ပိတ်ဆို့ပြီး ဒီမိုကရေစီအင်အား စုများနှင့်အတူ ရပ်တည်သွားမည်ဖြစ် ကြောင်းလည်း အမေရိကန်သံရုံးက ဆိုသည်။

စစ်အာဏာသိမ်းမှုအပြီး တစ်နှစ်ခွဲကျော်အကြာတွင် လူပေါင်း ၂,၄၀၀ ကျော်ကို စစ်ကောင်စီတပ်က သတ်ဖြတ်ထားသည်ဟု နိုင်ငံရေးအကျဉ်းသားများ ကူညီ စောင့်ရှောက် ရေးအသင်း (AAPP) က သတင်းထုတ်ပြန်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required