တာလီဘန်အုပ်ချုပ်မှုအောက် အာဖဂန်ကလေးငယ်များ အာဟာရ ချို့တဲ့မှုနှုန်း မြင့်တက်နေ

တာလီဘန်အုပ်ချုပ်မှုအောက် အာဖဂန်ကလေးငယ်များ အာဟာရ ချို့တဲ့မှုနှုန်း မြင့်တက်နေ

အာဖဂန်နစ္စတန်တွင် တာလီဘန်တို့ အာဏာရပြီးနောက် တစ်နှစ်အကြာတွင် စီးပွားရေး အကျပ်အတည်းက ပြည်သူတို့၏ ဘဝများအပေါ် အကြီးအကျယ် ရိုက်ခတ်ခဲ့ပြီး ဆင်းရဲမွဲတေမှုနှင့် ဆာလောင်ငတ်မွတ်မှု အခြေအနေများကို ပေါ်ပေါက်ထားစေခဲ့သည်။ ယခုနှစ်စပိုင်းနောက်ပိုင်း အာဖဂန်ကလေးများအကြား အာဟာရချို့တဲ့မှု ဖြစ်ပွားမှုနှုန်းသည် ၄၇ ရာခိုင်နှုန်းနီးပါး ထိုးတက်ခဲ့‌ကြောင်း Save the Children အဖွဲ့က အောက်တိုဘာ ၃၁ ရက် ထုတ် အစီရင်ခံစာတစ်ရပ်တွင် ပြောသည်။

လူသားချင်းစာနာမှုအဖွဲ့ Save the Children သည် ဇန်နဝါရီလက ဆင်းရဲနွမ်းပါးသည့် အာဖဂန်ကလေးငယ် ၂၅၀၀ ခန့်ကို ပြုစုကုသပေးခဲ့ပြီး ယခုအခါ ၎င်းတို့ ကုသပေးနေရသည့် ကလေးဦးရေသည် ၄၂၇၀ နီးပါးအထိ မြင့်တက်လာကြောင်းနှင့် ကုသမှု မခံယူရသေးမီ ကလေးအများအပြား အာဟာရချို့တဲ့မှုကြောင့် အသက်သေဆုံးမှုများလည်း ရှိကြောင်း အစီရင်ခံစာတွင် ပြောသည်ဟု Khaama Press မီဒီယာက ဖော်ပြသည်။

“အာဖဂန်မှာ နေ့စဉ် ကလေးတွေ ဆာလောင်ငတ်မွတ်မှုကြောင့် အသက်သေဆုံးမှုတွေ မဖြစ်အောင် တားဆီးဖို့ Save the Children လို အဖွဲ့တွေက အစွမ်းကုန် ကြိုးစားနေပါတယ်။ ဒါပေမယ့် ကလေးအတော်များများဟာ အသက်အန္တရာယ် ခြိမ်းခြောက်နိုင်တဲ့အထိ ပြင်းထန်တဲ့ ဆာလောင်မွတ်သိပ်မှုတွေကို ခံစားနေရတာဖြစ်ပြီး မိမိတို့မှာလည်း သူတို့အားလုံးကို ကယ်ပေးဖို့ လုံလောက်တဲ့ ရင်းမြစ်တွေ မရှိပါဘူး” ဟု အာဖဂန်ရှိ Save the Children အဖွဲ့၏ ဌာနေညွှန်ကြားရေးမှူး ခရစ် နယာမန်ဒီက ပြောသည်။

ယင်းသည် တာလီဘန် အုပ်ချုပ်မှုအောက်ရှိ အာဖဂန် ကလေးများ၏ ဒုက္ခများကို အလေးပေးထုတ်ဖော်ခြင်း ဖြစ်သည်။

အာဖဂန်နစ္စတန်သည် လက်ရှိတွင် ပြင်းထန်သော လူသားချင်းစာနာမှု အကျပ်အတည်းတစ်ခုနှင့် ရင်ဆိုင် နေရသည်။ အဆိုပါ နိုင်ငံတွင် ယခုအခါ ကမ္ဘာတွင် အရေးပေါ် အစားအစာ မလုံလောက်မှု အခြေအနေနှင့် ရင်ဆိုင်နေရသူဦးရေ အများဆုံး ရှိနေပြီး လူ ၂၃ သန်းကျော် အကူအညီ လိုအပ်နေကြောင်းနှင့် လူဦးရေ၏ ပျမ်းမျှ ၉၅ ရာခိုင်နှုန်းသည် အစားအစာများကို လုံလုံလောက်လောက် စားသုံးနိုင်ခြင်း မရှိကြောင်း နိုင်ငံတကာ လေ့လာအကဲဖြတ်ချက်များက ဖော်ပြသည်။

ထို့ပြင် ယမန်နှစ် ဩဂုတ်လက ယခင်အာဖဂန်အစိုးရ ပြုတ်ကျပြီး တာလီဘန်တို့ အာဏာပြန်ရပြီးနောက်ပိုင်း နိုင်ငံ၏ လူ့အခွင့်အရေး အခြေအနေသည် ပိုမိုဆိုးဝါးလာခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required