အညာဒေသ နှင့် ကန့်ဘလူမြို့နယ်ရှိ စစ်ဘေးရှောင်များအတွက် စောင်၊ အနွေးထည်နှင့် အမိုးအကာများ အရေးပေါ်လိုအပ်နေ

By မောင်ခက်နွေ
08 November 2022
အညာဒေသ နှင့် ကန့်ဘလူမြို့နယ်ရှိ စစ်ဘေးရှောင်များအတွက် စောင်၊ အနွေးထည်နှင့် အမိုးအကာများ အရေးပေါ်လိုအပ်နေ

November 8

မဇ္ဈိမ။ ။စစ်ကိုင်းတိုင်း၊ အညာဒေသနှင့် ကန့်ဘလူမြို့နယ်ရှိ စစ်ဘေးရှောင်များအတွက် စောင်၊အနွေးထည် နှင့် အမိုးအကာများ အရေးပေါ် လိုအပ်လျက်ရှိကြောင်း စစ်ဘေးရှောင်များအား ကူညီပေးနေသည့် NLD လွှတ်တော်အမတ် ဦးနေဇင်လတ် ထံကသိရသည်။

လက်ရှိကာလသည် မိုးရာသီကုန်ဆုံး၍ ဆောင်းရာသီသို့ ရောက်ရှိလာပြီဖြစ်သည့် အတွက် စစ်ဘေးရှောင်များ အအေးဒဏ် ခံနိုင်ရန် အနွေးထည်များ အရေးပေါ် လိုအပ်နေခြင်းဖြစ်သည်။

"အဓိကကတော့ဆောင်းရာသီရောက်လာပြီ ဆိုရင် စစ်ဘေးရှောင်တွေ အတွက် ကတော့ အနွေးထည်လိုတယ်။ ပြီးရင် စောင်တို့ ဘာတို့လိုတယ်။ ရာသီဥတု ဒဏ်ကို ကောင်းကောင်း ခံနိုင်မယ့် အမိုး အကာတွေလည်း လိုအပ်နေပါတယ်။ အခုလို မိုးရာသီကနေဆောင်းရာသီ ရာသီဥတု အကူးပြောင်းကာလ ဆိုရင် ဒီနယ်ဘက်မှာတော့ တုပ်ကွေး တွေတော်တော်များများ ဖြစ်ကြတယ်။ ဆေးဝါးတွေလည်း လိုတယ်။ ကျွန်တော် ကိုယ်တိုင်ကိုက အခုဖျားနေတာ" ဟု ဦးနေဇင်လတ်က မဇ္ဈိမကို ပြောသည်။

အညာဒေသ စစ်ဘေးရှောင်များတွင် အအေးဒဏ်ကြောင့် ဖျားနာမှုများဖြစ်ပေါ်လျက်ရှိကာ အဖျားပျောက်ဆေး၊ အကိုက်အခဲပျောက်ဆေး၊ ပိုးသတ်ဆေး နှင့် မြွေဆိပ်ဖြေဆေး စသည့် ဆေးဝါးလိုအပ်ချက် များစွာရှိနေပြီး အခြေခံဆေးဝါး ဈေးနှုန်းမြင့်တက်မှုများလည်း ရှိနေသည်ဟု ဦးနေဇင်လတ်က ဆိုသည်။

ကန့်ဘလူမြို့နယ် အတွင်းရှိ ဒေသခံများသည် လနှင့်ချီကြာ နေအိမ် စွန့်ခွာ ထွက်ပြေး နေရသည်။ စစ်ကောင်စီတပ်များ စစ်ကြောင်းထိုးလာပါက ဘေးလွတ်ရာသို့ အလျင်အမြန် ရှောင်တိမ်းနေရပြီး ပစ္စည်းများသယ်ဆောင်နိုင်ခြင်းမရှိ၍ အအေးဒဏ် ခံနိုင်သည့် စောင်နှင့် အနွေးအထည်များ လိုအပ်နေခြင်းဖြစ်သည်။

ကန့်ဘလူမြို့နယ်တွင် လက်ရှိအချိန်ထိ အိမ်ခြေ ၁,၃၀၀ မှ ၁,၅၀၀ ကြား စစ်ကောင်စီတပ်၏ မီးရှို့ခြင်းခံထားရပြီး လတ်တလော စစ်ဘေးရှောင်ဦးရေ ၃၀,၀၀၀ ဝန်းကျင်ခန့်ရှိကြောင်း သိရသည်။

စစ်ကိုင်းတိုင်းဒေသသည် စစ်တပ်က အာဏာသိမ်းထားသည့် နှစ် နှစ်နီးပါးအတွင်း စစ်ကောင်စီတပ်၏ စစ်ကြောင်းထိုး မီးရှိုဖျက်ဆီးမှုကြောင့် စစ်ဘေးရှောင်ဦးရေ အများဆုံးရှိရာ ဒေသဖြစ်လာနေပြီး လူဦးရေ ၆ သိန်းကျော်အထိ စစ်ဘေးရှောင် နေရကြောင်း သိရသည်။

ဓာတ်ပုံ - ပုံအဟောင်း

စာတည်း။ ။မောင်ကောင်း

#စစ်ကိုင်းတိုင်း

#ကန့်ဘလူမြို့နယ်

#အညာဒေသ

#စစ်ဘေးရှောင်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly