ကနေဒါအစိုးရက သတ္တုကုမ္ပဏီများ နုတ်ထွက်ရန် ညွှန်ကြားခြင်းဖြင့် ဖိနှိပ်နေကြောင်း တရုတ်အစိုးရ စွပ်စွဲ

ကနေဒါအစိုးရက သတ္တုကုမ္ပဏီများ နုတ်ထွက်ရန် ညွှန်ကြားခြင်းဖြင့် ဖိနှိပ်နေကြောင်း တရုတ်အစိုးရ စွပ်စွဲ

ကနေဒါအစိုးရက အမျိုးသားလုံခြုံရေးစိုးရိမ်မှုများကို အကြောင်းပြလျက် ပြည်တွင်း ကုမ္ပဏီများနှင့် စာချုပ်ဆိုထားသော တရုတ်ကုမ္ပဏီ ၃ ခုအား အရေးပါသော တွင်းထွက်သတ္တုဆိုင်ရာသဘောတူညီချက်များမှ နုတ်ထွက်ရန် ညွှန်ကြားလိုက်ပြီးနောက် တရုတ်က ၎င်းကုမ္ပဏီများအား ကျိုးကြောင်းဆီလျော်မှုမရှိဘဲ ဖိနှိပ်နေသည်ဟု ကနေဒါအား စွပ်စွဲပြောဆိုလိုက်သည်။

"တရုတ်ကုမ္ပဏီတွေကို ဖိနှိပ်တာ ရပ်ဖို့ ကနေဒါကို တိုက်တွန်းပါတယ်။ ကနေဒါမှာ စီးပွားရေးလုပ်နေတဲ့ တရုတ်ကုမ္ပဏီတွေအတွက် တရားမျှတပြီး ခွဲခြားဆက်ဆံမှုမရှိတဲ့ ပတ်ဝန်းကျင်ကို တောင်းဆိုပါတယ်" ဟု တရုတ်နိုင်ငံခြားရေးဌာန ပြောရေးဆိုခွင့်ရှိသူ ကျောင်လီကျန်းက နိုဝင်ဘာ ၃ ရက် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။ “ကနေဒါအစိုးရဟာ အမျိုးသားလုံခြုံရေးအယူအဆကို ချဲ့ကားပြီး တရုတ်နဲ့ ကနေဒါကုမ္ပဏီတွေအကြား ပုံမှန်ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုပူးပေါင်းဆောင်ရွက်ရေးအပေါ် တစ်ဖက်သတ် ကန့်သတ်မှုတွေ လုပ်ဆောင်ပါတယ်” ဟု ကျောင်းလီကျန်းက ပြောသည်။

အနောက်နိုင်ငံများက ရှားပါးသော သတ္တုများနှင့် ဓာတ်သတ္တုများ ဝယ်ယူရာတွင် ကိုယ့်ကိုယ်ကိုယ် မှီခိုအားထားရန် တွန်းအားပေးနေချိန် တရုတ်က ကမ္ဘာတစ်ဝန်းရှိ မြေရှားသတ္တုများကို ဆက်လက် လွှမ်းမိုးလာချိန်မှာ ကနေဒါက တရုတ်ကုမ္ပဏီများကို နုတ်ထွက်ခိုင်းခြင်းဖြစ်သည်။

သို့သော် တရုတ်သည် သတ္တုအမြောက်အမြား မထုတ်လုပ်နိုင်ပေ။ ၎င်းလိုအပ်သော သတ္တုကုန်ကြမ်းများကို ရရှိရန် ကနေဒါကဲ့သို့သော နေရာများရှိ ပြည်ပသတ္တုတွင်းများတွင် အမြောက်အမြား ရင်းနှီးမြှုပ်နှံထားသည်ဟု ကနေဒါရုပ်သံလွှင့်ဌာန (CBC) က တင်ပြခဲ့သည်။

လီသီယမ်အပါအဝင် အရေးပါသောသတ္တုကဏ္ဍတွင်ပါဝင်နေသည့် ကနေဒါကုမ္ပဏီများရှိ ရင်းနှီးမြှုပ်နှံမှုအများအပြားကို ပြန်လည်သုံးသပ်ပြီးနောက် ဆုံးဖြတ်ချက် ချခဲ့ခြင်းဖြစ်ကြောင်း ကနေဒါ၏ သိပ္ပံနှင့် စက်မှုဝန်ကြီး ဖရန့်ဆွာဖိလစ်ချန်ပိန်းက အစောပိုင်းက ပြောကြားခဲ့သည်။

ယခုအခါ အနောက်နိုင်ငံများသည် သတ္တုကဏ္ဍတွင် တရုတ်လွှမ်းမိုးမှုကို အဆုံးသတ်ကာ ထုတ်လုပ်ဖြန့်ဖြူးရောင်းချမှုနယ်ပယ်သစ် ဖန်တီးရန် ကြိုးစားလျက်ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly