ပုသိမ်မြို့တွင် စစ်ကောင်စီကျင်းပသည့် မီးမျှောပွဲအနီး ဗုံးပေါက်ကွဲ ဌာနဆိုင်ရာဝန်ထမ်းများ ထွက်ပြေး

ပုသိမ်မြို့တွင် စစ်ကောင်စီကျင်းပသည့် မီးမျှောပွဲအနီး ဗုံးပေါက်ကွဲ ဌာနဆိုင်ရာဝန်ထမ်းများ ထွက်ပြေး

မဇ္စျိမ။ ။ဧရာ၀တီတိုင်း၊ ပုသိမ်မြို့၊ ကမ်းနားလမ်းတွင် စစ်ကောင်စီက ဦးစီးကျင်းပသည့် မီးမျှောပွဲပြုလုပ်ရာနေရာအနီး၌ ယနေ့ နိုဝင်ဘာလ ၇ ရက် ညနေ ၆ နာရီ ၁၀ မိနစ်ခန့်အချိန်က ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

စစ်ကောင်စီ လက်အောက်ခံများ ပုသိမ်မြို့၊ ကမ်းနားလမ်းရှိ အမှတ်(၁) ဘောတံတားတွင် မီးမျှောပြီးပြန်လာသည့်အချိန်၌ ဗုံးပေါက်ကွဲခဲ့ခြင်းဖြစ်သည်။

"မီးမျှောပွဲလုပ်ပြီး စစ်ကောင်စီကလူတွေ ကမ်းပေါ်ပြန်တက်လာတဲ့အချိန် ရေပေါ်စျေးနားမှာ ပေါက်ကွဲတာ။ အသံတော်တော်ကျယ်တယ်။ ဌာနဆိုင်ရာဝန်ထမ်းတွေ ထွက်ပြေးပြီး လူတွေလည်း တော်တော်ပြန်သွားကြတယ်"ဟု ဒေသခံတစ်ဦးက ပြောသည်။

ပုသိမ်မြို့၊ စျေးချောင်းလမ်းထိပ်၊ ကမ်းနားလမ်းတလျှောက် ၊ နာရီစင်အနီးပတ်ဝန်းကျင် နေရာများနှင့် ဗုံးပေါက်ကွဲမှုဖြစ်ပွားရာ နေရာအနီးတွင် စစ်ကောင်စီတပ်သားများနှင့်ရဲများ လုံခြုံရေးအထပ်ထပ်ချထားသည့်ကြားက ပေါက်ကွဲခဲ့ခြင်းဖြစ်သည်ဟု ဒေသခံကဆိုသည်။

ယင်းအပြင် ပုသိမ်မြို့ပေါ်ရပ်ကွက်များမှ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူးများလည်း မီးမျှောပွဲပြုလုပ်သည့် နေရာအနီး လုံခြုံရေးယူထားကြကြောင်း ဒေသခံကပြောသည်။

"စစ်တပ်မီးမျှောတဲ့ နေရာနားကို ဝင်ချင်ရင် တစ်ယောက်ချင်းစီ စစ်ဆေးပြီးမှ ဝင်ခွင့်ပေးတာပါ။ ဘယ်သူက ဘယ်လိုဝင်ပြီး ဖောက်ခွဲသွားတယ်တော့ မသိဘူး"ဟု ၎င်းကဆိုသည်။

ဗုံးမပေါက်ကွဲမီ ညနေ ၆ နာရီဝန်းကျင်အချိန်က မီးမျှောပွဲပြုလုပ်သည့်နေရာနှင့် ရေပေါ်စျေးဝန်းကျင်၌ ပြည်သူအများအပြားဖြင့် စည်ကားခဲ့သော်လည်း လက်ရှိတွင် လူအနည်းငယ်သာကျန်ရှိနေခဲ့ကြောင်း ဒေသခံ၏ ပြောပြချက်အရ သိရသည်။

လက်ရှိတွင် စစ်ကောင်စီတပ်များနှင့် ရဲများက ပေါက်ကွဲမှုဖြစ်ပွားရာ နေရာအနီး ပိတ်ဆို့စစ်ဆေးမှုများပြုလုပ်နေကြသည်ဟု ကမ်းနားလမ်းတွင် နေထိုင်သူများက ပြောသည်။

ဗုံးပေါက်ကွဲမှုနှင့် ပတ်သက်၍ ထိခိုက်ဒဏ်ရာရရှိသူများရှိသည်ဟု သတင်းများ ထွက်ပေါ်နေသော်လည်း မဇ္စျိမက ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။

စာတည်း။ ။ ဖူးသိမ်ကျ

စာမူတည်းဖြတ်။ ။ သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required