မတ္တရာတွင် စစ်ကောင်စီယာဉ်တန်း မိုင်းဆွဲခံရပြီး စစ်ကောင်စီတပ်သား ၉ ဦးသေဆုံးကာ ယာဉ် ၂ စီးပျက်စီး

မတ္တရာတွင် စစ်ကောင်စီယာဉ်တန်း မိုင်းဆွဲခံရပြီး စစ်ကောင်စီတပ်သား ၉ ဦးသေဆုံးကာ ယာဉ် ၂ စီးပျက်စီး

မဇ္ဈိမ။ ။မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ အောက်တောင်ကိုင်းရွာနှင့်ဟင်္သာကုန်းရွာကြားတွင် ယနေ့ နိုဝင်ဘာ ၇ ရက်နေ့ မွန်းလွဲပိုင်းက စစ်ကောင်စီယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရသည်။

ထိုသို့ မိုင်းဆွဲတိုက်ခိုက်ခံရမှုကြောင့် စစ်ကောင်စီတပ်သား ကိုး ဦးသေဆုံးကာ ခုနစ်ဦး ဒဏ်ရာရရှိ ခဲ့ပြီး ယာဉ် နှစ် စီး ပျက်စီးခဲ့ကြောင်းသိရသည်။

"သေတာလည်းများတယ်။ ဒဏ်ရာရတဲ့သူလည်းများတယ်။ ဒဏ်ရာရတဲ့သူရောသေတဲ့ သူရော သူတို့ကားနဲ့တင်သွားတယ်။ ပျက်တဲ့ကားတွေတော့ထားသွားတယ်" ဟု မိုင်းဆွဲတိုက်ခိုက်ခံရသည့် အနီးတွင်ရှိသူ ဒေသခံတစ်ဦးက ပြောသည်။

စစ်ကောင်စီတပ်၏ စစ်ကား လေးစီးပါ ယာဉ်တန်း တိုက်ခိုက်ခံရခြင်းဖြစ်ပြီး ပျက်စီးသွားသည့် ယာဉ် နှစ် စီးမှာ ယနေ့ ညနေပိုင်းအချိန်အထိ အခင်းဖြစ်ပွားရာ နေရာတွင်ပင် ရှိနေသေးကြောင်း ဒေသခံတစ်ဦးက ဆိုသည်။

"အခုည ရွာတွေထဲ ဝင်ကြမ်းမှာ စိုးရိမ်တယ်။ အခုတော့ ငြိမ်နေတယ်။ ဘယ်အချိန် ဝင်လာမယ်ဆိုတာတော့မသိဘူး"ဟု ဒေသခံတစ်ဦးက ပြောသည်။

အဆိုပါ မိုင်းဆွဲတိုက်ခိုက်မှုကို နတ်ဆိုးမြေအောက်တော်လှန်ရေးတပ်ဖွဲ့ မှလုပ်ဆောင်ခဲ့ ခြင်းဖြစ်ကြောင်း သတင်းထုတ်ပြန်ထားသည်။

မတ္တရာမြို့နယ်တွင် ယနေ့ နံနက်ပိုင်းကလည်း စစ်ကောင်စီတပ်ဖွဲ့ဝင် ဗိုလ်မှူး အောင်နိုင်စိုးကို ၎င်း၏နေအိမ်တွင် သေနတ်ဖြင့် ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ် တောကြီးမြွေပွေး အဖွဲ့က သတင်းထုတ်ပြန်ထားသည်။

စာတည်း။ ။မောင်ကောင်း

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required