ပုလောမြို့တွင် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ဖွဲ့ မင်းထိန်ရွာအနီး၌ မိုင်းဆွဲခံရပြီး ၁၀ ဦးခန့် သေဆုံးဟုဆို

ပုလောမြို့တွင် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ဖွဲ့ မင်းထိန်ရွာအနီး၌ မိုင်းဆွဲခံရပြီး ၁၀ ဦးခန့် သေဆုံးဟုဆို

မဇ္ဈိမ ။ ။တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ ပုလောမြို့နယ်တွင် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ဖွဲ့ ယနေ့ နိုဝင်ဘာလ ၇ ရက်နေ့ နံနက် ၆ နာရီခန့်က မိုင်းဆွဲတိုက်ခိုက်ခံရမှုကြောင့် ၁၀ ဦးခန့် သေဆုံးခဲ့ကြောင်း PDF ရဲဘော်များထံက သိရသည်။

ပုလောမြို့နယ် အခြေစိုက် ခြေလျင် တပ်ရင်း (၂၈၅) တပ်မှ စစ်ကောင်စီ တပ်ဖွဲ့ အင်အား ၅၀ နီးပါးသည် ပုလောမှ မြိတ်ဖက်သို့ ဆင်းလာစဉ် ခမောင်းတောရွာ အနီးရှိ မင်းထိန်ရွာအရောက်တွင် ပြည်သူ့ ကာကွယ်ရေး တပ်မတော်၊ မြိတ်ခရိုင် တပ်ရင်း (၁) မှ မိုင်းခြောက်လုံးဖြင့် မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးခဲ့ပြီး တချို့ထိခိုက် ဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်။

“စစ်ကောင်စီတပ်က မိုင်းဆွဲခံရတဲ့ အချိန်မှာ မိနစ် ၅၀ လောက် အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့တယ်။ ကျွန်တော်တို့ အဖွဲ့ကတော့ ထိခိုက်မှု မရှိ ဆုတ်ခွါ နိုင်ခဲ့တယ်” ဟု ပုလော အခြေစိုက် PDF ရဲဘော် တစ်ဦးက ပြော သည်။

လက်ရှိတွင် မကြာ ခဏ တိုက်ပွဲ ဖြစ်နေသည့် မြိတ်-ထားဝယ် လမ်းပိုင်းတွင် စစ်ရေး တင်းမာနေမှုကြောင့် ခရီးသွားပြည်သူများနှင့် ခရီးသည်တင်ယာဉ်လိုင်းများအနေဖြင့် စစ်ကောင်စီဒေါက်တိုင်များနှင့် နီးနီးကပ်ကပ် သွားလာခြင်း မပြုလုပ်ရန် မဟာမိတ် တပ်ပေါင်းစုများက မေတ္တာရပ်ခံ အသိပေးထားသည်။

စာတည်း။ ။မောင်ကောင်း

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required