အမေရိကန်-တောင်ကိုရီးယား စစ်ရေးလေ့ကျင့်မှုကို ‘ပြတ်ပြတ်သားသား’ စစ်ရေးဖြင့် တုံ့ပြန်မည်ဟု မြောက်ကိုရီးယား ပြော 

အမေရိကန်-တောင်ကိုရီးယား စစ်ရေးလေ့ကျင့်မှုကို ‘ပြတ်ပြတ်သားသား’ စစ်ရေးဖြင့် တုံ့ပြန်မည်ဟု မြောက်ကိုရီးယား ပြော 

November 7

အမေရိကန်နှင့် တောင်ကိုရီးယားတို့၏ “ခိုင်မာပြတ်သားသော” စစ်ရေးနည်းလမ်းအားဖြင့် တုံ့ပြန်သွားမည်ဟု မြောက်ကိုရီးယားစစ်တပ်က ပြောကြောင်း နိုင်ငံပိုင် မီဒီယာတွင် တနင်္လာနေ့က ဖော်ပြသည်။ 

အမေရိကန်နှင့် တောင်ကိုရီးယားတို့က အကြီးဆုံး ပူးတွဲလေတပ် စစ်ရေးလေ့ကျင့်မှု ပြုလုပ်နေချိန်၌ မြောက်ကိုရီးယားသည် စနေနေ့က ပဲ့ထိန်းဒုံးကျည် လေးစင်းအပါအဝင် ပြီးခဲ့သည့် သီတင်းပတ်အတွင်း ဒုံးကျည်များ ပစ်လွှတ်ထားပြီးနောက် ယခု သတိပေးချက် ထွက်ပေါ်လာခြင်းပဲ ဖြစ်သည်။ 

“ရန်သူ၏ မြောက်ကိုရီးယားကို ဆန့်ကျင်သော စစ်ရေးလေ့ကျင့်မှု အားလုံးအား ခိုင်မာပြတ်သားသော လက်တွေ့ စစ်ရေးလုပ်ငန်းစဉ်များဖြင့် ဆက်လက်တုံ့ပြန်သွားမည် ဖြစ်ကြောင်း” ကိုရီးယားပြည်သူ့စစ်တပ် စစ်ဦးစီးချုပ်ရုံးက ထုတ်ပြန်ခဲ့သည်ဟု KCNA သတင်းဌာနက ဖော်ပြသည်။ 

မြောက်ကိုရီးယား၏ မကြာသေးခင်က ဒုံးကျည်ပစ်လွှတ်မှုများသည် ပြီးခဲ့သည့် အပတ်က အမေရိကန်- တောင်ကိုရီးယား ပူးတွဲစစ်ရေးလေ့ကျင့်မှုများကို “ရှင်းလင်းသည့် အဖြေ” ပေးလိုက်ခြင်းပဲ ဖြစ်သည်ဟု ယင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ 

“ရန်သူတွေရဲ့ ရန်စတဲ့ စစ်ရေးလုပ်ဆောင်မှုတွေ ဆက်လက် ရှိနေလေ၊ ကိုရီးယား ပြည်သူ့စစ်တပ်ကလည်း လုံးဝ အညှာအတာ ကင်းကင်းနဲ့ ဒါကို တန်ပြန်သွားမှာ ဖြစ်တယ်”ဟု ထုတ်ပြန်ချက်က ဆိုသည်။ 

ပြီးခဲ့သည့် သီတင်းပတ်က Vigilant Storm ဟု အမည်ရသော စစ်ရေးလေ့ကျင့်မှုတွင် B-1B အကြီးစား ဗုံးကြဲလေယာဉ် အပါအဝင် အမေရိကန်နှင့် တောင်ကိုရီးယား စစ်လေယာဉ် ရာပေါင်းများစွာ ပါဝင်ခဲ့သည်။ 

B-1B ဗုံးကြဲလေယာဉ်သည် ၂၀၁၇ ဒီဇင်ဘာမှ နောက်ပိုင်း ပထမဆုံး ကိုရီးယားကျွန်းဆွယ်သို့ ပျံသန်းရောက်ရှိမှုပဲ ဖြစ်သည်။ 

ထို စစ်ရေးလေ့ကျင့်မှုက “မြောက်ကိုရီးယားထံမှ မည်သို့သော ရန်စမှုမျိုးကို မဆို ကြံ့ကြံ့ခိုင် တုံ့ပြန်နိုင်စွမ်း အသင့်ရှိကြောင်း” ပြသခြင်းပဲဟု တောင်ကိုရီးယား စစ်ဦးစီးချုပ်ရုံးက ပြောသည်။ 

အမေရိကန်နှင့် တောင်ကိုရီးယားတို့၏ ပူးတွဲစစ်ရေးလေ့ကျင့်မှုများကို ကျူးကျော်ရန် ပြင်ဆင်ခြင်းအဖြစ် မြောက်ကိုရီးယားက ရှုမြင်ကာ ရေရှည်ပြင်းပြင်းထန်ထန် တုံ့ပြန်ခြင်း ဖြစ်သည်။ 

တာဝေး ဗုံးကြဲလေယာဉ်များနှင့် လေယာဉ်တင် သင်္ဘော တိုက်ခိုက်ရေးအုပ်စုကဲ့သို့ မဟာဗျူဟာ စစ်လက်နက်များ အမေရိကန်၏ ယခင်က ဖြန့်ကြက်မှုများကိုလည်း မြောက်ကိုရီးယားက အဓိကအားဖြင့် ရှုတ်ချထားသည်။ 

(မိုးသဲ ဘာသာပြန်သည်။) 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required