စစ်ရေးတင်းမာလာသော ဖားကန့်မှော်

စစ်ရေးတင်းမာလာသော ဖားကန့်မှော်

မဇ္ဈိမ ။ ။ ကေအိုင်အေ တပ်မဟာ (၉)နှင့် စစ်ကောင်စီတပ်ဖွဲ့တို့အကြား စစ်ရေးတင်းမာမှု ပြင်းထန်နေဆဲဖြစ်ကြောင်း ကချင်သတင်းရင်းမြစ်များက အတည်ပြု ပြောဆိုထားကြသည်။

နိုဝင်ဘာ လဆန်းပိုင်းမှစ၍ ကေအိုင်အေ တပ်မဟာ(၉) လက်အောက်ခံတပ်ရင်းများက ၎င်းတို့စစ်ရေးလှုပ်ရှားရာနယ်မြေအတွင်းရှိ စစ်ကောင်စီတပ်စခန်းများနှင့် ရှေ့တန်းဗျုဟာကုန်းများကို သွားရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည် ဟုဆိုသည်။

“အနန့်ပါဖြစ်ရပ်အပြီးမှာ တစ်ဖက် (KIA)က လည်း ရန်သူကို ရန်သူလို ပြန်ဆက်ဆံတတ်တယ်လို့ ပြချင်တဲ့သဘောဖြစ်မယ်။ အခုက တပ်မဟာတစ်ခုလုံး အောက်က ရှိသမျှတပ်ရင်းတွေအားလုံး တိုက်စစ်ဖွင့်တဲ့သဘော။ နောက်ပြီး PDF တွေကလည်း ကေအိုင်အေနဲ့အတူ စစ်ရေးတွေ ပါးနပ်လာပြီမို့လို့ လှုပ်ရှားတော့တဲ့သဘောဖြစ်မယ်" ဟု ကေအိုင်အေနဲ့နီးစပ်သည့် နိုင်ငံရေး၊ စစ်ရေးဗျုဟာလေ့လာသူ သတင်းရင်းမြစ်တစ်ဦးက ဆိုသည်။

နိုဝင်ဘာလ ၄ရက် ညနေ ၅ နာရီခန့်မှစ၍ ဖားကန့်မြို့တွင်း၌ ဗုံးပေါက်ကွဲမှုများ စတင်ဖြစ်ပွါးပြီး ည ၈ နာရီကျော်ခန့်တွင် နေရာအနှံ့ သေနတ်သံ၊ လက်နက်ကြီးသံများ ဆက်တိုက်ကြားနေခဲ့ရခြင်း ဖြစ်သည်။

ကေအိုင်အေဦးဆောင်သော PDF ပူးပေါင်းအဖွဲ့က အဆိုပါညမှစ၍ ဥရုစစ်ဆင်ရေးအမည်ဖြင့် စတင်စစ်မျက်နှာဖွင့်ကာ သွားရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ကေအိုင်အေရှေ့တန်းအရာရှိများက အတည်ပြုသည်။

ဖားကန့် ဆိုင်းတောင်၊ ဇွပ်ရာ၊ ဆန်းကြွယ်၊ လုံးခင်း အစရှိသည့် နေရာများတွင် လက်နက်ကြီးပစ်သံ၊ သေနတ်သံများ ဆက်တိုက်ကြားနေရသည့် အပြင် ကံဆီးနှင့် အနန့်ပါဘက်တွင်လည်း ပစ်ခတ်သံများ ကြားနေရခြင်းဖြစ်သည်။

KIA တပ်မဟာ (၉) လက်အောက်ခံ တပ်ရင်း(၆)၊ တပ်ရင်း (၂၆) ဧရိယာများဖြစ်သည့် ဖားကန့်၊ ဆိုင်းတောင်၊ ဝှေခါ၊ လုံးခင်း၊ နန်ယား အနီးတို့တွင် စစ်ကောင်စီတပ်က နိုဝင်ဘာလ ၄ ရက်နေ့မှစ၍ ကျူးကျော် ဝင်ရောက်လာရန် ကြိုးစားနေခြင်းကြောင့် နှစ်ဖက်တိုက်ပွဲများ ပြင်းထန်ခဲ့ခြင်းဖြစ်သည်။

ယမန်နေ့ နိုဝင်ဘာလ ၅ ရက် မွန်းလွဲ ၂ နာရီကျော်ခန့်တွင် KIA တပ်မဟာ (၉)၊ တပ်ရင်း(၄၄) ဧရိယာဖြစ်သည့် ကားမိုင်းမြို့ ၊လိုင်နှောင်ခူးရွာအနီး လဝါပါ၊ဆင်ခရူပါ အနီးတွင် KIA တပ်ဖွဲ့နှင့် စစ်ကောင်စီတပ်ဖွဲ့တို့ကြား နှစ်ဖက်တိုက်ပွဲ ပြင်းထန်ခဲ့ကြောင်း KIA ဘက်မှလာသည့် သတင်းရင်းမြစ်များထံက သိရသည်။

အဆိုပါတိုက်ပွဲတွင် ဂျောင်ဝါရွာအနီး အိုက်လေးတူ ဘုန်းကြီးကျောင်း၌ တပ်စွဲထားသည့် အင်အား ၁၀၀ခန့်ရှိသော စစ်ကောင်စီတပ် တပ်မ (၃၃)လက်အောက်ခံ ခမရ(၁၁)ကို တိုက်ခိုက်ခဲ့တကြောင်း ဆိုသည်။

KIA တပ်မဟာ (၉)၊ တပ်ရင်း(၄၄) ဧရိယာ လဝါပါ၊ ဆင်ခရူပါ အနီးဘက်သို့ စစ်ကောင်စီတပ်က ကျူးကျော်ဝင်လာရန် ပြင်ဆင်နေချိန် ကေအိုင်အေဘက်က တိုက်စစ်ဖွင့်ကာ တိုက်ခိုက်လိုက်ခြင်းကြောင့် ပြင်းထန်တိုက်ပွဲ ဖြစ်ပွါးခဲ့သည်ဟု သိရသည်။

စစ်ကောင်စီတပ် ခမရ(၁၁)တပ်ဖွဲ့သည် အနန့်ပါတိုက်ခိုက်မှုအပြီး ဖားကန့် - ကားမိုင်း - မိုးကောင်း လမ်းကြောဖြစ်သည့် လဝါပါ၊ ဆင်ခရူပါ အနီးဘက်တွင် အထိုင်ချ ကျူးကျော်ဝင်ရောက်လာရန် ကြိုးစားနေခြင်းမှာ ရက်သတ္တပတ်ကြာမြင့် နေပြီ ဖြစ်ကြောင်းလည်း ကေအိုင်အေ ရှေ့တန်းရုံးများထံက သိရသည်။

ထို့အပြင် စစ်ကောင်စီတပ်သည် အဆိုပါတိုက်ပွဲ ဖြစ်ပွါးနေသည့် အနီးဝန်းကျင်တွင် လက်နက်ကြီးများဖြင့် ရမ်းသန်းပစ်ခတ်မှုများ ပြုလုပ်နေပြီး ဖားကန့်မြို့ ရခိုင်ကုန်း၊ ဗျူဟာကုန်း၊ ဆန်ခါထောင် အစရှိသည့် စစ်ကောင်စီ တပ်စခန်းများမှလည်း လက်နက်ကြီးများကို ဆက်တိုက်ပစ်ခတ်နေခဲ့သည်ဟု ဆိုသည်။

စစ်ကောင်စီက ဖားကန့်လမ်းပိုင်း၌ အထူးကန့်သတ်ထား စစ်ဆေးလျက်ရှိနေပြီး ကေအိုင်အေနှင့် စစ်ကောင်စီတပ်အကြား စစ်ရေးတင်းမာနေဆဲဖြစ်သည်ဟု သိရသည်။

စာတည်း။ ။ ဖူးသိမ်ကျ

စာမူတည်းဖြတ်။ ။ အောင်ကျော်ဖြိုး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly