အာဆီယံအနေဖြင့် သံတမန်ဆက်ဆံရေးစာမျက်နှာအသစ်တစ်ခု စတင်ရန် NUGတိုက်တွန်း

အာဆီယံအနေဖြင့် သံတမန်ဆက်ဆံရေးစာမျက်နှာအသစ်တစ်ခု စတင်ရန် NUGတိုက်တွန်း

မဲဆောက်(မဇ္ဈိမ)။ ။အ‌ရှေ့တောင်အာရှနိုင်ငံများအသင်း ( အာဆီယံ) အနေဖြင့် မြန်မာအရေးတွင် သံတမန်ဆက်ဆံရေးစာမျက်နှာသစ်တစ်ခု စတင်နိုင်ရန်အတွက် နိုဝင်ဘာလ ၄ ရက်၊ ကမ္ဘောဒီးယားနိုင်ငံ ၊ ဖနွမ်းပင်တွင် ကျင်းပခဲ့သည့် အာဆီယံ အရပ်ဘက်အဖွဲ့စည်းများ ညီလာခံတွင် NUG လူ့အခွင့်‌ရေးဆိုင်ရာ ဝန်ကြီး ဦးအောင်မျိုးမင်းက တောင်းဆိုခဲ့သည်။

အာဆီယံအနေဖြင့် ၎င်းတို့ မြန်မာ့အရေးဖြေရှင်းရန် ချမှတ်ထားသည့် ဘုံသ‌ဘောတူညီချက် ၅ ရပ်ကို ကျော်လွန်ပြီး သံတမန်စာမျက်နှာအသစ် စတင်နိုင်ရန်အတွက် ဝန်ကြီးက တိုက်တွန်းခဲ့ခြင်းဖြစ်သည်။

ဝန်ကြီးဦးအောင်မျိုးမင်းက” သံတမန်ဆက်ဆံရေး ဆိုတဲ့ဟာကတော့ တရားဝင်အစိုးရဖြစ်တဲ့ NUGနဲ့တင်မကဘဲ ကျနော်တို့ NUCCလိုမျိုး နိုင်ငံရေးဦးဆောင်အဖွဲ့ တိုင်းရင်းသား လက်နက်ကိုင် ၊အဖွဲ့အစည်းပါဝင်သင့် ပါဝင်ထိုက်သော တက်ကြွလှုပ်ရှားသူ အဖွဲ့အစည်းများနဲ့ တွေ့ရှိဖို့အရေးကြီးတယ်။

ဒါကြောင့်မို့ တွေ့ရှိဖို့အတွက် ဆိုလိုတာပါ။

ဘာကြောင့်လဲဆိုတော့ မြန်မာနိုင်ငံအရေးက ခက်ခဲပါတယ်။ နက်နဲပါတယ်။ တိုင်းရင်းသားအရေးတွေပါသလို ဖက်ဒရယ်ပြည်ထောင်စု ဒီမိုကရေစီနဲ့ လူနည်းစုကိစ္စတွေ ပါဝင်တာဖြစ်တဲ့အတွက်ကြောင့်မို့ အာဆီယံအနေနဲ့ NUG တစ်ခုတည်းနဲ့ တွေ့ဆုံတာလည်း လိုအပ်သလို ပါဝင်သင့်ပါဝင်ထိုက်သော အစုအဖွဲ့အားလုံးနဲ့ တွေ့ဆုံပြီးတော့ လိုလားတဲ့ ဖြစ်သင့်ဖြစ်ထိုက်တဲ့ အကောင်းဆုံး ဆောင်ကြဉ်းနိုင်မယ့် ရလဒ်တွေ ထွက်ပေါ်လာဖို့အတွက် တွေ့ဆုံဖို့ ဆိုလိုတာဖြစ်ပါတယ် “ ဟု မဇ္ဈိမသို့ပြောသည်။

အာဆီယံက မြန်မာ့ရေးဖြေရှင်းရန်အတွက် မြန်မာနိုင်ငံတွင် အကြမ်းဖက်မှုများ ချက်ချင်းရပ်ပြီး သက်ဆိုင်သူအားလုံး ထိန်းထိန်း သိမ်းသိမ်း ဆောင်ရွက်ကြရန်၊ ပြည်သူများ၏ အကျိုးစီးပွားအတွက် ငြိမ်းချမ်းသည့် အဖြေတစ်ခု ရအောင် သက်ဆိုင်သူ အားလုံး အပြုသဘော ဆွေးနွေးကြရန်၊ အာဆီယံ အတွင်းရေးမှူးချုပ်၏ အကူအညီဖြင့် ဆွေးနွေးရေး လုပ်ငန်းစဉ် အကောင်အထည် ဖော်နိုင်‌ရန် အာဆီယံဥက္ကဋ္ဌ၏ အထူးကိုယ်စားလှယ် တစ်ဦးက ကြားဝင်ညှိနှိုင်းပေးရန်၊ အာဆီယံ အသင်း၏ လူသားချင်း ကူညီပေးမှုဆိုင်ရာ အကူအညီ ပေးရေး ဌာနမှ တစ်ဆင့် မြန်မာနိုင်ငံကို အကူအညီများ ပေးရန်နှင့် သက်ဆိုင်သူ အားလုံးနှင့် တွေ့ဆုံရန် အာဆီယံ အထူးကိုယ်စားလှယ် အဖွဲ့ကို မြန်မာနိုင်ငံသို့ စေလွှတ်ရန် စသည်တို့ကို အာဆီယံခေါင်းဆောင်များနှင့် စစ်ခေါင်းဆောင်တို့အကြား ပြီးခဲ့သည့်နှစ် ဧပြီလအတွင်း သဘောတူညီခဲ့ကြသည်။

သို့သော်လည်း အာဏာသိမ်းစစ်တပ်ဘက်က အဆိုပါအချက်များကို လိုက်နာခြင်းမရှိဘဲ စစ်ရာဇဝတ်မှုများနှင့် အရပ်သားပြည်သူများအပေါ်သတ်ဖြတ်မှုများကို ဆက်လက်ကျူးလွန်လျက်ရှိနေဆဲပင်ဖြစ်သည်။

ထို့ကြောင့် ပြီးခဲ့သည့် အောက်တိုဘာလအတွင်းကလည်း NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က အာဆီယံက မြန်မာ့အရေးဖြေရှင်းရန်အတွက် ပြည်သူ့ ကိုယ်စားလှယ်များ၊ တိုင်းရင်းသားလက်နက်ကိုင်များနှင့် တွေ့ဆုံရန် လိုအပ်ကြောင်း အာဆီယံခေါင်းဆောင်များထံ စာပေးပို့ တောင်းဆိုမှုများရှိခဲ့သည်။

အာဆီယံနှင့် NUGအစိုးရဆက်ဆံ‌ရေးနှင့်ပတ်သက်ပြီး “နိုင်ငံတစ်ခုချင်းစီအနေနဲ့ တွေ့ဆုံမှုတွေရှိတယ်၊ သံတမန်ရေးအရ တွေ့ဆုံမှုတွေရှိတယ်။ နိုင်ငံရေးအရ အားပေးထောက်ခံမယ်ဆိုတဲ့ ကတိစကားတွေရရှိတယ်။ ဒါပေမဲ့ အာဆီယံက ၁၀နိုင်ငံပါဝင်တဲ့ အဖွဲ့တွေရယ် ၁၀နိုင်ငံလုံးမှာ မတူညီတဲ့ ရပ်တည်ချက် သူတို့ရဲ့ပြည်တွင်းရေး အခြေအနေရှိနေတာကြောင့် အားလုံးတစ်စုတည်းတစ်စည်းထဲ ပေါ်ထွက်လာနိုင်မယ့်ဆုံးဖြတ်ချက် လုပ်ဆောင်ချက်ဒါတွေ ဆက်ဖြစ်အောင် ကြိုးစားနေရဆဲပါ” ဟု ဦးအောင်မျိုးမင်းကပြောသည်။

ပြီးခဲ့သည့်ညီလာခံတွင် လူ့အခွင့်ရေးဆိုင်ရာ ဝန်ကြီးအနေဖြင့် မြန်မာလူထုက တရားဝင်ရွေးကောက်တင်မြှောက်ထားသည့် အစိုးရအဖြစ် အမျိုးသားညီညွတ်ရေးအစိုးရကို အသိအမှတ်ပြုပြီး တရားမဝင်စစ်အာဏာရှင်တွေကို သံတမန်ရေးရာ အဆင့်အတန်း မပေးရန် ၊ အာဏာသိမ်းစစ်ကောင်စီ၏ ညှဥ်းပန်းနှိပ်စက်ခြင်းကို ခံစားနေကြရပြီး လျစ်လျူရှုခံနေရသည့် မြန်မာနိုင်ငံသားများကို ဖိတ်ခေါ်ပြီး ဆွေးနွေးပွဲအသစ်တစ်ခု ပြုလုပ်ပေးရန်၊ တရုတ်၊ အမေရိကန်၊ အင်ဒိုနီးရှား၊ ထိုင်း၊ အိန္ဒိယ၊ ဗြိတိန်နိုင်ငံတို့အပါအဝင် အမျိုးသားညီညွတ်‌ရေးအစိုးရ၊ တိုင်းရင်းသားလက်နက်ကိုင်စသည်တို့ ပူးပေါင်းပြီး လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ တုံ့ပြန်ချက်များကို ဆောင်ရွက်ရန်၊ စစ်အာဏာရှင်က ကြေညာထားသည့် ရွေးကောက်ပွဲသည် တရားမဝင်သည့်အကြောင်းကို အာဆီယံအနေဖြင့် လူသိရှင်ကြား ပယ်ချပေးရန်၊ မြန်မာနိုင်ငံ ဖက်ဒရယ်ဒီမိုကရေစီဖွဲ့စည်းပုံအခြေခံဥပဒေကို ဖော်ဆောင်မည့် လုပ်ငန်းစဉ်ကို မြှင့်တင်ရန်များကိုလည်း အာဆီယံကို တောင်းဆိုခဲ့သည်ကို တွေ့ရသည်။

စာတည်း။ ။ဖူးသိမ်ကျ

စာမူတည်းဖြတ်။ ။ အောင်ကျော်ဖြိုး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required