ထိုင်းနိုင်ငံတွင် မြန်မာရွှေ့ပြောင်းအလုပ်သမားများ၏ တော်လှန်ရေးရန်ပုံငွေရှာ ဘောလုံးပြိုင်ပွဲကျင်းပ

ထိုင်းနိုင်ငံတွင် မြန်မာရွှေ့ပြောင်းအလုပ်သမားများ၏ တော်လှန်ရေးရန်ပုံငွေရှာ ဘောလုံးပြိုင်ပွဲကျင်းပ

မဇ္ဈိမ ။ ။ထိုင်းနိုင်ငံ၊ စုလတ်မြို့တွင် ယနေ့ နိုဝင်ဘာလ ၆ ရက်နေ့က တော်လှန်ရေး ရန်ပုံငွေရရှိရေးအတွက် မြန်မာရွှေ့ပြောင်း အလုပ်သမားများ ဦးဆောင်သည့် “တော်လှန်လောင်းလုံး” ဘောလုံး ပြိုင်ပွဲကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ရန်ပုံငွေရှာ ဘောလုံးပြိုင်ပွဲမှ ရရှိလာမည့် ရန်ပုံငွေများကို တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင် လောင်းလုံးမြို့နယ်အတွင်းရှိ ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့များ၏ ကာကွယ်ရေးဆိုင်ရာ အသုံးစရိတ်များအတွက် ကူညီပံ့ပိုးပေး နိုင်ရန် ကျင်းပ ပြုလုပ်ခြင်း ဖြစ်သည်ဟု လောင်းလုံးမြို့နယ်ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့ထံက သိရ သည်။

“ဘောလုံးပွဲကို ဒီနေ့ တစ်ရက်တည်း အပြီး ကျင်းပတာပါ။ ရွှေ့ပြောင်း အလုပ်သမားတွေ ဆိုတော့ ဒီနေ့ တစ်ရက်တည်းပဲ အားတယ်။ ရရှိလာမယ့် ရန်ပုံငွေတွေ အကုန်လုံးကို ပြန်လည်ထောက်ပံ့ ပေးသွားမှာ ဖြစ်ပါတယ်” ဟု လောင်းလုံးမြို့နယ် ပြည်သူ့ အုပ်ချုပ် ရေးအဖွဲ့၏ တာဝန်ရှိသူက ပြောသည်။

အဆိုပါ တော်လှန်ရေးရန်ပုံငွေရှာ ဘောလုံးပြိုင်ပွဲတွင် အသင်းပေါင်း ၂၈ သင်းခွဲ၍ လူဦးရေ ၄၂၀ ဦး ပါဝင်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။

ယနေ့ ကျင်းပသည့် “တော်လှန် လောင်းလုံး” ရန်ပုံငွေရှာ ဘောလုံး ပြိုင်ပွဲသို့ အမျိုးသား ညီညွတ်ရေးအစိုးရ ပြည်ထဲရေးနှင့်လူဝင်မှု ကြီးကြပ်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး၊ တနင်္သာရီတိုင်းဒေသကြီး လွတ်တော် ကိုယ်စားပြု ကော်မတီနှင့် တနင်္သာရီတိုင်း စစ်ဒေသ ကွပ်ကဲရေးအဖွဲ့တို့မှ ဂုဏ်ပြု သဝဏ်လွှာများ ပေးပို့ခဲ့ပြီး ဖတ်ကြားခဲ့ကြောင်း သိရသည်။

စာတည်း။ ။မောင်ကောင်း

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required