ကျိုက်ထီးရိုးတွင် စစ်ကောင်စီ၏ အခမဲ့အစီအစဉ် လူမစည်ကား၍ ဝန်ထမ်းများအား မဖြစ်မနေသွားရောက်ရန် ထပ်မံဖိအားပေး

ကျိုက်ထီးရိုးတွင် စစ်ကောင်စီ၏ အခမဲ့အစီအစဉ် လူမစည်ကား၍ ဝန်ထမ်းများအား မဖြစ်မနေသွားရောက်ရန် ထပ်မံဖိအားပေး

မဇ္ဈိမ။ ။ ကျိုက်ထီးရိုးဘုရားတွင် နိုဝင်ဘာလ ၃ ရက်နှင့် ၄ ရက် နှစ်ရက်တာအတွင်း အခမဲ့တည်းခိုခွင့်နှင့် တောင်တက်ကား အခမဲ့စီးနင်းခွင့်များ ပြုလုပ်ပေးခဲ့သော်လည်း လူမစည်ကား၍ ဝန်ထမ်းများအား မဖြစ်မနေသွားရောက်ရန် ထပ်မံ၍ ဖိအားပေးမှုများရှိနေကြောင်း သိရသည်။

အဆိုပါ နှစ်ရက်တာအတွင်း ဘုရားဖူး လူဦးရေ ၄၀၀ ခန့်သာ ရှိခဲ့ပြီး စစ်ကောင်စီ၏ မသွားမနေရ အမိန့်ကြောင့် ဝန်ထမ်းများ၊ ကင်မွန်းချောင်းအနီးဝန်းကျင် ဒေသခံအချို့နှင့် ကျိုက်ထို၊ ဘီးလင်းတို့မှ ပြည်သူများသာ လာရောက်ကြကြောင်း စုံစမ်းသိရှိရသည်။

"နှစ်ရက်တာအတွင်း လူဦးရေက အရင်က ပွဲတော်ရက်ရဲ့ နေ့တဝက်စာလောက်တောင် မစည်ကားဘူး။ ပြီးခဲ့တဲ့ နှစ်ရက်မှာ လူမစည်ကားလို့ လာမယ့် တန်ဆောင်တိုင်ပွဲမှာ ထပ်သွားကြဖို့ ဖိအားပေးတာတွေရှိနေတယ်" ဟု ကျိုက်ထိုမြို့မှဒေသခံတစ်ဦးက မဇ္ဈိမကို ပြောသည်။

နိုဝင်ဘာလ ၃ရက် နှင့် ၄ ရက် နှစ်ရက်တာအတွင်း ကျိုက်ထီးရိုးတောင်တက်ကားများမှာ တစ်ရက်လျှင် ကားအစီးရေ ၅၀ ခန့်သာတက်ပြီး တစ်စီးလျှင် လူဦးရေ ၃၀ ခန့်သာပါကြောင်း ၎င်းကပြောသည်။

"တစ်ရက်ကို ဘုရားဖူးပြည်သူ ၁၅၀ ဝန်းကျင်နဲ့ နှစ်ရက်ပေါင်း ၄၀၀ ဝန်းကျင်လောက်ပဲ လာတယ်။ ဒါတောင် စကစ(စစ်ကောင်စီ)က မဖြစ်မနေသွားရမယ်လို့ အမိန့်ထုတ်ထားလို့ လာတဲ့သူတွေ။ တခြားပြည်သူတွေ မရှိသလောက်နည်းတယ်" ဟု ကျိုက်ထိုမြို့ ဒေသခံတစ်ဦးက ဆိုသည်။

အောက်တိုဘာလ ၁၂ရက်က ဖြစ်ပွားခဲ့သည့် ကျိုက်ထီးရိုးတောင်တက်ဂိတ် ပစ်ခတ်မှုတွင် ပြည်သူ သုံးဦးသေဆုံးပြီး ၁၉ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကာ အဆိုပါပစ်ခတ်မှုကို KNU တပ်မဟာ (၁)တပ်မဟာမှူး ဗိုလ်မှူးချုပ်စောပလေ့နှင့် ဘီးလင်းမြို့နယ်မှ မွန်ပြည်နယ်လွှတ်တော်အမတ် ဦးကျော်မျိုးမင်းတို့ အပါအဝင် ၁၁ ဦး မှ အကွက်ချစီစဉ်ခဲ့ကြောင်း စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ထားသည်။

ပစ်ခတ်မှုနှင့် ပတ်သက်၍ စစ်ကောင်စီက စွပ်စွဲထားသူများထဲမှ တချို့မှာ လွန်ခဲ့သည့် နှစ်က သေဆုံးပြီးဖြစ်သူများ ဖြစ်နေသည်။

စာတည်း။ ။ဖူးသိမ်ကျ

စာမူတည်းဖြတ်။ ။ အောင်ကျော်ဖြိုး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required