ပုသိမ်မြို့ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနရုံး ဗုံးဖောက်ခွဲ တိုက်ခိုက်ခံရ

ပုသိမ်မြို့ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနရုံး ဗုံးဖောက်ခွဲ တိုက်ခိုက်ခံရ

နိုဝင်ဘာလ ၅ ရက်

ဧရာဝတီတိုင်း၊ ပုသိမ်မြို့ ၊အမှတ်(၁၃) မြက်တိုရပ်ကွက်ရှိ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနရုံး(စစစ)တွင် ယနေ့ နိုဝင်ဘာလ ၅ ရက်နေ့ နေ့လယ် ၁၂ နာရီ ၂၀ မိနစ်ခန့်အချိန်က ဗုံးပေါက်ကွဲမှု ဖြစ်ပွါးခဲ့ကြောင်း ဒေသခံများထံက သိရသည်။

အဆိုပါဖောက်ခွဲမှုကို ပုသိမ်မြို့ပြပြောက်ကျားတပ်ဖွဲ့ (PSTF)နှင့် ကန်ကြီးထောင့်(ပကဖ)တို့ ပူးပေါင်း လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ထိခိုက်ဒဏ်ရာရရှိသူ ရှိ၊ မရှိ အတည်မပြုနိုင်သေးကြောင်း PSTF တာဝန်ရှိသူတစ်ဦးက ပြောသည်။

"စစ်ကောင်စီရဲ့ ဒေါက်တိုင်တစ်ခုဖြစ်လို့ ဗုံးဖောက်ခွဲ တိုက်ခိုက်ခဲ့တာပါ။ လောလောဆယ် ကြားရတဲ့သတင်းတွေအရတော့ တစ်ယောက်ထိတယ်လို့သိရတယ်။ ဘယ်သူဘယ်ဝါထိတယ်ဆိုတာနဲ့ ထိတယ်၊မထိဘူးဆိုတာကို အတည်မပြုနိုင်သေးဘူး။ကျွန်တော်တို့အဖွဲ့အားလုံး ဘေးကင်းပါတယ် " ဟုဆိုသည်။

ဗုံးပေါက်ကွဲမှုအပြီး မိနစ်အနည်းငယ်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ၊ရဲတပ်သားများနှင့် လူနာတင်ကားတစ်စီးရောက်ရှိလာပြီး စစ်ဆေးမှုများပြုလုပ်ခဲ့သည်ဟု ဒေသခံများ၏ပြောပြချက်အရ သိရသည်။

ဗုံးပေါက်ကွဲခဲ့သည့် အထူးစုံစမ်းစစ်ဆေးရေးဥဦးစီးဌာန(စစစ)ရုံးသည် ဧရာဝတီတိုင်း ရဲတပ်ဖွဲ့မှူးရုံး၏ အကူရဲရုံးနှင့် ဌာနဆိုင်ရာ ရုံးပေါင်းစုံရှိသည့်နေရာအနီးတွင်တည်ရှိသည်ဟု သိရသည်။

စာတည်း။ ။ဖူးသိမ်ကျ

စာမူတည်းဖြတ်။ ။ အောင်ကျော်ဖြိုး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly