ဒေါ်လာ ၂ ဒသမ ၄ သန်း တန်ဖိုးရှိ နွေဦးနှင်းဆီ မြေကွက် ၁၀ ကွက်ကို ၁ဦးတည်း ဝယ်ယူ

ဒေါ်လာ ၂ ဒသမ ၄ သန်း တန်ဖိုးရှိ နွေဦးနှင်းဆီ မြေကွက် ၁၀ ကွက်ကို ၁ဦးတည်း ဝယ်ယူ

နိုဝင်ဘာလ ၅ ရက်

ဒေါ်လာ ၂ ဒသမ ၄ သန်းဖိုးတန်ဖိုးရှိ နွေဦးနှင်းဆီ မြေကွက် ၁၀ ကွက်ကို တစ်ဦးတည်းဝယ်ယူခဲ့ကြောင်း The End of Dictatorship က သတင်းထုတ်ပြန်သည်။

စစ်တပ်ကသိမ်းယူထားသော မန္တလေးတိုင်း၊ မဟာအောင်မြေမြို့နယ် အောင်ဆန်းစုကြည်လမ်း တောင်ဘက်ရှိ မြေကွက်များအား အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က တော်လှန်ရေးရန်ပုံငွေအဖြစ် အများပြည်သူသို့ ရောင်းချခဲ့ခြင်းဖြစ်သည်။

ယင်းမြေနေရာတွင် ပေ ၁၀၀ ပတ်လည် မြေကွက်ပေါင်း ၂၀ ပါဝင်ပြီး ယခင်ရက်များက အများပြည်သူဝယ်ယူမှုကြောင့် မြေကွက် ၁၀ ကွက်ကို ရောင်းချခဲ့ပြီး ကျန်ရှိသည့် မြေကွက် ၁၀ ကွက်ကို ပြည်သူ တစ်ဦးတည်းက ဝယ်ယူခဲ့ခြင်းဖြစ်သည်။

" စတင်ရောင်းချတဲ့ အောက်တာဘာ ၁ ရက်ကနေ ဒီနေ့ထိ ၁၀ ကွက် ရောင်းချခဲ့ရပါတယ်။ ဒီနေ့မှာတော့ ကျန်တဲ့ ၁၀ ကွက်၊ တန်ဖိုးအားဖြင့် ဒေါ်လာ ၂.၄ သန်းဖိုးကို တစ်ဦးတည်း ဝယ်ယူပြီး တော်လှန်ရေးကို အားရပါးရ ထောက်ပို့မယ့် ပြည်သူ တစ်ဦးပေါ်လာခဲ့ပါတယ်။ သူ့ကို ဂုဏ်ပြုသလို တော်လှန်ရေးမှာ တတ်နိုင်သမျှပါဝင်နေကြတဲ့ ပြည်သူအပေါင်းကိုလည်း ဦးညွှတ်လိုက်ပါတယ်" ဟု The End of Dictatorship က ဆိုသည်။

အဆိုပါ မြေကွက်များမှာ တော်လှန်ရေးကာလအတွင်း တစ်ကွက်လျှင် ဒေါ်လာ ၂၄၀,၀၀၀ ပေးသွင်းရမည့် မြေနေရာများဖြစ်သည်။

NUG လက်အောက်ရှိ EOD က စစ်အာဏာသိမ်းကောင်စီ သိမ်းယူထားသည့် ရန်ကုန်နှင့် မန္တလေးရှိ မြေနေရာများကို အများပြည်သူသို့ ရောင်းချကာ ရရှိသောငွေကြေးများကို တော်လှန်ရေးတွင် အသုံးပြုလျက်ရှိသည်။

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly