ကန့်ဘလူမြို့နယ်တောင်ခြမ်းသို့ စစ်ကောင်စီတပ်မှ စစ်ကြောင်းထိုးသွားပြီးနောက် ပြည်သူ ၈ ဦး ပျောက် ဆုံးနေ

ကန့်ဘလူမြို့နယ်တောင်ခြမ်းသို့ စစ်ကောင်စီတပ်မှ စစ်ကြောင်းထိုးသွားပြီးနောက် ပြည်သူ ၈ ဦး ပျောက် ဆုံးနေ

နိုဝင်ဘာလ ၅ ရက်

စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ် တောင်ဘက်ခြမ်းရှိကျေးရွာများသို့ စစ်ကောင်စီတပ်က အောက်တိုဘာလ ၂၂ ရက်နေ့မှ အောက်တိုဘာလကုန်အထိ ၁၀ ရက်နီးပါးကြာ စစ်ကြောင်းထိုးဝင်ရောက် ပြီးနောက် ပြည်သူရှစ်ဦးပျောက်ဆုံးနေကြောင်း ဒေသခံတစ်ဦးကပြောသည်။

“ အစက ဦးဇင်းနှစ်ပါးနဲ့ ပြည်သူကိုးဦး ပျောက်နေတာ။ အခုတော့ ဦးဇင်းနှစ်ပါးနဲ့ ပြည်သူတစ်ဦးတော့ ပြန် လာနေပြီဆိုပြီး သတင်းရတယ်။ ရှစ်ယောက်ကတော့ ပျောက်ဆုံးနေဆဲဖြစ်ပါတယ်” ဟု ဒေသခံတစ်ဦးက မဇ္ဈိမသို့ ပြောသည်။

ပျောက်ဆုံးနေသူများမှာ ကျွန်းပင်ကုန်း၊ ယနေ၊ မဲထည်၊ အင်္ဂါထောင့် စသည့်ကျေးရွာများတွင် နေထိုင်သူ များဖြစ်ပြီး မဲသည်ရွာသားများဟုယူဆရသည့် အလောင်းနှစ်လောင်းတွေ့ရှိထားရာ တစ်လောင်းမှာ မီးရှီု့ခံ ထားရပြီး ကျန်တစ်လောင်းမှာလည်း အပိုင်းပိုင်းဖြတ်ခံထားရကြောင်း ကျွန်းလှတက်ကြွလှုပ်ရှားသူများ အဖွဲ့က သတင်းထုတ်ပြန်ထားသည်။

စစ်ကောင်စီတပ်များ၏ စစ်ကြောင်းထိုးမှုအတွင်း ကျေးရွာလေးရွာမှ နေအိမ် ၂၀၀ နီးပါး မီးရှို့ဖျက်ဆီးခံခဲ့ ရပြီး ပြည်သူ ၁,၀၀၀ ခန့် မီးဘေးသင့်ကာ အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရကြောင်း ဆိုသည်။

“မီးရှို့မခံရတဲ့ရွာတွေကတော့ ပြည်သူတွေပြန်ကပ်နိုင်ပြီ။ မီးရှို့ခံလိုက်ရတဲ့ရွာတွေကတော့ ရွာကိုပြန် မကပ်နိုင်ဘူး။ နေစရာအခက်အခဲဖြစ်သွားတော့ တောထဲတောတိုက်တွေမှာပဲ နေရတယ်။ မီးဘေးသင့် ပြည်သူတွေအတွက် အဝတ်အထည်၊ အစားအသောက်နဲ့ ဆေးဝါးလိုအပ်ချက်တွေရှိတယ်” ဟု မီးဘေးသင့် ပြည်သူများအရေး လိုက်ပါဆောင်ရွက်ပေးနေသူတစ်ဦးက ပြောသည်။

လက်ရှိတွင် စစ်ကောင်စီတပ်က ကင်းပုန်းဝပ်ပြီး အသွားအလာကန့်သတ်ခြင်းများ လုပ်ဆောင်နေသည့် အတွက် မီးဘေးသင့်ပြည်သူများအတွက်လိုအပ်သော အစားအစာနှင့်ဆေးဝါးများကို မြို့ပေါ်တက်ဝယ်နိုင် ခြင်းမရှိသေးကြောင်း သိရသည်။

စစ်ကောင်စီတပ်များသည် ရွာစဉ်တစ်လျှောက်စစ်ကြောင်းထိုးစဉ် ကျေးရွာများမှနေအိမ်များရှိ အိမ်မွေး တိရစ္ဆာန်များ၊ ဆန်စပါးစားနပ်ရိက္ခာများနှင့် အဖိုးတန်ပစ္စည်းများအားလုံးကို ယူဆောင်သွားကြောင်း ဆိုသည်။

“တစ်အိမ်တက်ဆင်းလိုက်ရှာမွှေနှောက်ပြီးတော့ မိန်းမအဝတ်အစားအသုံးအဆောင်ပစ္စည်း မိတ်ကပ်ဗူး ကအစ ကြက်၊ ဝက်၊ နွားဆိုတာတော့ ပြောမနေနဲ့တော့။ ဆန်ရှိရင်ဆန် အဲဒါတွေကို ကားနဲ့ပါတိုက်ထုတ် တာ။ နောက်ပြီး ဆံပင်တုလုပ်ငန်းလုပ်သူတွေရဲ့ ဆံပင်တွေပါမကျန် အကုန်ယူပြီးအိမ်တွေကို မီးရှို့သွား တယ်” ဟု မီးဘေးသင့်ပြည်သူများအရေး လိုက်ပါဆောင်ရွက်ပေးနေသူတစ်ဦးက ပြောသည်။

ကန့်ဘလူမြို့ပေါ်မှ စစ်ကောင်စီတပ်များသည် မြို့နယ်အတွင်းရှိကျေးရွာများကို မကြာခဏ စစ်ကြောင်း ထိုးလုယက်ခြင်း၊ လက်နက်ကြီးများဖြင့်ပစ်ခတ်ခြင်းများပြုလုပ်လေ့ရှိပြီး ဒေသကာကွယ်ရေးတပ်ဖွဲ့များ နှင့်လည်း မကြာခဏတိုက်ပွဲများဖြစ်ပွားနေကြောင်း သိရသည်။

စာတည်း။ ။စောဖေ

စာမူတည်းဖြတ်။ ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly