ကော့ကရိတ်မြို့တွင်း တိုက်ပွဲတွင် စစ်ကောင်စီက အင်အားအလွန်အကျွံသုံးစွဲခဲ့ခြင်းကြောင့် ဒေသခံအများအပြား အိုးအိမ်စွန့်ခွာထွက်ပြေးခဲ့ရ

ကော့ကရိတ်မြို့တွင်း တိုက်ပွဲတွင် စစ်ကောင်စီက အင်အားအလွန်အကျွံသုံးစွဲခဲ့ခြင်းကြောင့် ဒေသခံအများအပြား အိုးအိမ်စွန့်ခွာထွက်ပြေးခဲ့ရ

နိုဝင်ဘာလ ၅ ရက်

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့တွင်းရှိ စစ်ကောင်စီလက်အောက်ခံဌာနများနှင့် ခလရ(၉၇)တပ်ရင်းတို့ကို KTLA, KNLA, PDF ပူးပေါင်းတပ်ဖွဲ့တို့မှ အောက်တိုဘာ၂၁ရက်နေ့မှ စတင်ပြီး ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်မှ လက်နက်ကြီးပစ်ကူများနှင့် ဝေဟင်ပစ်ကူ အကြိမ် ၁၀၀နီးပါး အသုံးပြုခဲ့သည်။

ယင်း မြို့တွင်းတိုက်ပွဲကို စစ်ကောင်စီမှ လက်နက်ကြီးပစ်ခတ်မှုနှင့် လေကြောင်းတိုက်ခိုက်မှု အင်အားအလွန်အကျွံသုံးစွဲခဲ့ခြင်းကြောင့် ဒေသခံပြည်သူအများအပြား အိုးအိမ်စွန့်ခွာထွက်ပြေးခဲ့ကြရသည်။

“ ကျမတို့အိမ်နားကို လေယာဉ်နဲ့ဗုံးကျဲတယ်၊ လူတွေထိတယ်၊ သေတယ်၊ ဆေးရုံရောက်တယ်၊ ထိတာတော့ အများကြီးပေါ့နော်၊ သေတဲ့သူက အဲ့အချိန်က သုံးလေးယောက်လောက်ရှိတယ်၊ ၂၄ရက်နေ့က စပြီး အိမ်ကနေထွက်ပြေးလာရတယ်၊ အခု ထိုင်းဘက်ရောက်ပြီ၊ ညီမတို့ မိသားစုတစ်ဝက်လည်း မော်လမြိုင်ကိုထွက်ပြေးကြရတာလည်း ရှိတယ်၊ ညီမတို့ အမှတ်(၇)ရပ်ကွက်က လူမရှိသလောက်ဘဲ အားလုံးထွက်ပြေးကုန်ပြီ ဗုံးကြဲလို့လေ”ဟု အမှတ်(၇)ရပ်ကွက်မှ စစ်ဘေးရှောင်လာရသည့် ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။

ကော့ကရိတ်မြို့အနီးရှိ ကျေးရွာများကိုပါ စစ်ကောင်စီက ပစ်မှတ်ထားတိုက်ခိုက်နေခြင်းကြောင့် စစ်ဘေးရှောင်ပြည်သူများသည် ကော့ကရိတ်မြို့နှင့် ဝေးလံလှသည့် တောတောင်တို့တွင် အခက်အခဲများစွာဖြင့် နေထိုင်စားသောက်နေကြရသည်။ အရေးပေါ်ထွက်ပြေးလာရသည့်အတွက် တချို့ပြည်သူများသည် ခါးဝတ်ခါးစားနှင့် ငွေကြေးအနည်းငယ်သာ ယူဆောင်လာနိုင်ခဲ့ကြသည်။

“ဒီမှာက နီးစပ်ရာအိမ်မှာ တည်းနေကြရတာ၊ ဘယ်လောက်အထိကြာဦးမလဲတော့မသိဘူး၊ အိမ်ပြန်လည်း မရဲတော့ဘူး၊ အိမ်လည်း ဒီအတိုင်းပဲ ပစ်ခဲ့ရတယ် အကုန်လုံးပဲ ဘာမှပါမလာဘူးပေါ့နော်၊ အခက်အခဲက တအားရှိတယ်ပေါ့”ဟု စစ်ဘေးရှောင်ဒေသခံတစ်ဦးက ပြောသည်။

ကော့ကရိတ်မြို့တွင်း တိုက်ပွဲ စတင်ဖြစ်ပွားခဲ့သည့် နောက်ရက်များတွင် စာသင်ကျောင်းများသို့ စစ်ကောင်စီတပ်မှ တပ်စွဲလာခြင်းကြောင့် ကျောင်းများ ပိတ်သိမ်းခဲ့ကြရသည်။ မြို့တွင်းရှိ စစ်ကောင်စီဌာနဆိုင်ရာများကို စစ်ကောင်စီတပ်နှင့် ကရင်နယ်ခြားစောင့်တပ်(BGF)တို့မှ အင်အားအများအပြားဖြင့် နေရာယူ ကင်းလှည့်နေခြင်းများပြုလုပ်နေကြသည်။

နှစ်ဖက်တိုက်ပွဲကြောင့် ကော့ကရိတ်မြို့ပေါ်ရပ်ကွက် အမှတ်(၇)နှင့် အမှတ်(၃)တို့မှ ဒေသခံပြည်သူ အားလုံးနီးပါးထွက်ပြေးခဲ့ရပြီး ကော့ကရိတ်မြို့အနီးရှိ ကျေးရွာ ခြောက်ရွာထက်မနည်းသည်လည်း အိုးအိမ်စွန့်ခွာထွက်ပြေးနေကြရသည်။

အဆိုပါ ကော့ကရိတ်တိုက်ပွဲအတွင်း ကော့ကရိတ်မြို့ပေါ်နေ အရပ်သား ငါးဦးသေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိခဲ့သူ ၂၅ဦးကျော်ရှိခဲ့ကြောင်း ဒေသတွင်းပရဟိတအဖွဲ့ထံမှ သိရသည်။

၎င်းအပြင် ကျေးရွာများမှ အရပ်ပြည်သူ ခြောက်ဦးထက်မနည်း လက်နက်ကြီး ကျည်ကြောင့် သေဆုံးမှုများရှိခဲ့ပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ကြသည်။

ကော့ကရိတ်မြို့တွင်း တိုက်ပွဲဖြစ်စဉ်ကြောင့် အရပ်သားပြည်သူ တစ်သောင်းနီးပါး စစ်ဘေးရှောင်နေကြကြောင်း ဒေသတွင်း သတင်းအရင်းမြစ်များထံမှ သိရသည်။

စစ်ကောင်စီတပ်သည် တိုက်ပွဲဖြစ်ပွားရာနေရာတိုင်းတွင် အရပ်သားပြည်သူများနေထိုင်သည့် နေရာများကို ပစ်မှတ်ထားတိုက်ခိုက်တတ်သလို လက်နက်ကြီးပစ်ကူများနှင့် လေကြောင်းတိုက်ခိုက်မှုများကိုလည်း အလွန်အကျွံသုံးစွဲမှု အမြဲလုပ်ဆောင်လျက်ရှိသည်။

အောက်တိုဘာ၂၃ရက်နေ့ ညတွင် KIO (၆၂)နှစ်မြောက် နှစ်ပတ်လည်နေ့ အကြိုပွဲကို ဖားကန့်မြို့နယ် KIAထိန်းချုပ်နယ်မြေအတွင်း အနန်းပါကျေးရွာတွင် ကျင်းပနေစဉ် စစ်ကောင်စီတပ်မှ လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ခြင်းကြောင့် အရပ်သားအများအပြား သေဆုံးခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့သေးသည်။

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly