ကိုဗစ်ရန်ပုံငွေမှ ရယူထားသည့်ချေးငွေများအား ပြန်ဆပ်ရမည့်ကာလ ထပ်မံသက်တမ်းတိုး

ကိုဗစ်ရန်ပုံငွေမှ ရယူထားသည့်ချေးငွေများအား ပြန်ဆပ်ရမည့်ကာလ ထပ်မံသက်တမ်းတိုး

နိုဝင်ဘာလ ၅ ရက်

COVID -19 ရန်ပုံငွေလက်ကျန်မှ ရယူထားသည့် ချေးငွေများအား ပြန်ဆပ်ရမည့်ကာလကို တစ်နှစ် ထပ်မံသက်တမ်းတိုးလိုက်ကြောင်း စစ်ကောင်စီက ယမန်နေ့ နိုဝင်ဘာလ ၄ရက်တွင် ထုတ်ပြန်ခဲ့သည်။

စစ်ကောင်စီလက်အောက်ခံ စီးပွားရေးသက်ရောက်မှုများအပေါ် ကုစားရေးလုပ်ငန်းကော်မတီမှ ဦးစားပေးကဏ္ဍအလိုက် ကိုဗစ် ၁၉ ရန်ပုံငွေကျပ် ၂၀၀ ဘီလီယံကို ကုမ္ပဏီလုပ်ငန်းပေါင်း ၅,၉၉၀ ခုအား ချေးငွေပမာဏ ကျပ် ၁၅၈ ဒသမ ၄၄၃၈ ဘီလီယံအား အတိုးနှုန်း တစ်ရာခိုင် နှုန်းဖြင့်ချေးပေးခဲ့ခြင်းဖြစ်သည်။

"ဒေါ်စုလက်ထက် ၂၀၂၀ ဧပြီကတည်းက ထုတ်ချေးပေးခဲ့တဲ့ချေးငွေတွေပါ။ အစက သက်တမ်း တစ်နှစ်နဲ့ချေးပေးရာကနေ တဖြည်းဖြည်း သက်တမ်းတိုးပေးခဲ့တာ။ အခုလည်း နောက်ထပ် တစ်နှစ်ထပ်တိုးပေးတဲ့သဘောပဲ။ ဘာမှထူးခြားတာတော့မဟုတ်ဘူး"ဟု စီးပွားရေးလုပ်ငန်းရှင် သတင်းရင်းမြစ်တစ်ဦးက မဇ္ဈိမကိုပြောသည်။

အဆိုပါ ချေးငွေထုတ်ပေးခဲ့သည့် ကုမ္ပဏီလုပ်ငန်းများအား ၂၀၂၁ ခုနှစ်၊မတ် ၁၇ ရက်တွင် ချေးငွေပြန်ဆပ်ရန်ကာလအား ပထမအကြိမ်အဖြစ် ခြောက်လ၊ စက်တင်ဘာ ၁၁ ရက်တွင် ဒုတိယအကြိမ်အဖြစ် ခြောက်လ စုစုပေါင်း တစ်နှစ် သက်တမ်းတိုးပေးခဲ့သည်။

ထို့အပြင် နိုဝင်ဘာလ ၁ရက်က ပြုလုပ်ခဲ့သည့် စစ်ကောင်စီအစိုးရအဖွဲ့အစည်းဝေးတွင်လည်း စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က "နိုင်ငံတော်က ထုတ်ချေးပေးထားသည့် ချေးငွေများအား တာဝန်သိစိတ်ဖြင့်ပြန်ဆပ်ကြရန်၊ ချေးငွေများ ပြန်လည်ရရှိမှသာ နိုင်ငံတော်အနေနဲ့ အခြားလိုအပ်သူတွေကို ထပ်မံထုတ်ချေးပေးနိုင်မည်ဖြစ်သည်" ဟု ၎င်းကပြောကြားထားသည်။

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly