ကလေးမြို့တွင် မိုင်းဆွဲတိုက်ခိုက်ခံရသဖြင့် စစ်ကောင်စီတပ်သား ၃ ဦး သေဆုံးဟုဆို

ကလေးမြို့တွင် မိုင်းဆွဲတိုက်ခိုက်ခံရသဖြင့် စစ်ကောင်စီတပ်သား ၃ ဦး သေဆုံးဟုဆို

နိုဝင်ဘာလ ၅ ရက်

စစ်ကိုင်းတိုင်း ကလေးမြို့တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များအား မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ သုံးဦး သေဆုံးကာ အများအပြားဒဏ်ရာရရှိသွားကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ကလေး) PDF – Kalay မှ သတင်းထုတ်ပြန်ထားသည်။

နိုဝင်ဘာလ ၃ ရက်နေ့ နံနက် ၆ နာရီ ၅၀ မိနစ်အချိန်တွင် မြို့ကြီးကုန်းနှင့် နည်းပညာတက္ကသိုလ် (ကလေး)အကြား၌ မိုင်းတပ်ဖွဲ့မှ အသင့်တပ်ဆင်ထားသောမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဆိုသည်။

အဆိုပါစစ်ကြောင်းသည် ကလေးမြို့နယ်တောင်ပိုင်းသို့ နံနက် ၃ နာရီတွင် အင်အား ၈၀ ကျော်ဖြင့် စစ်ကြောင်းထိုးလာခြင်းဖြစ်ကြောင်း သိရသည်။

အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့သည် မိုင်းဖောက်ခွဲတိုက်ခိုက်ခံရပြီးနောက် အနီးပတ်ဝန်းကျင်အား ငါး မိနစ်ခန့် ရမ်းသန်းပစ်ခတ်ခဲ့ကြောင်း PDF – Kalay ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် အောက်တိုဘာလ ၃၁ ရက်နေ့က ဖမ်းဆီးခဲ့ပြီး နည်းပညာတက္ကသိုလ်တွင် ထိန်းသိမ်းထားသည့် အပြစ်မဲ့ပြည်သူသုံးဦးကို ယင်းနေရာမှ အဖွဲ့စက်နေရာသို့ အင်အား ၄၀ ခန့်ဖြင့် ခေါ်ဆောင်သွားကြောင်း သိရသည်။

နံနက် ၁၁ နာရီအချိန်ခန့်၌ အဖွဲ့စက်တွင်ရှိသော စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် လက်နက်ကြီးဖြင့် ထောက်ကြန့်ကျေးရွာသို့ပစ်ခတ်ခဲ့ရာ လူနေခြံဝင်းအတွင်းမှ စပါးတိုက်နှင့် နွားစာတိုက်ပေါ်သို့ လက်နက် ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့ပြီး အသက် ၇၀ ခန့် အမျိုးသမီးကြီးတစ်ဦး(မစိုးရိမ်ရ) ထိခိုက်ဒဏ်ရာရရှိခဲ့ ကြောင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

စာတည်း။ ။စောဖေ

စာမူတည်းဖြတ်။ ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly