ဗကသခေါင်းဆောင်ဟောင်း ကိုလင်းထက်နိုင်‌ အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၀(ည) ဖြင့် ထပ်မံ တရားစွဲခံရ

By မောင်ခက်နွေ
05 November 2022
ဗကသခေါင်းဆောင်ဟောင်း ကိုလင်းထက်နိုင်‌ အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၀(ည) ဖြင့် ထပ်မံ တရားစွဲခံရ

နိုဝင်ဘာ ၅

(မဇ္ဈိမ)။ ။ဗကသ ကျောင်းသားခေါင်းဆောင်ဟောင်းဖြစ်သလို နိုင်ငံရေးတက်ကြွလှုပ်ရှားသူတစ်ဦးဖြစ် သော ကိုလင်းထက်နိုင်‌(ခ)ကိုဂျိမ်းကို အာဏာသိမ်းစစ်ကောင်စီက အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၀(ည)ဖြင့် ထပ်မံတရားစွဲဆိုလိုက်ကြောင်း မိသားစုနှင့်နီးစပ်သူများက ဆိုသည်။

ပြီးခဲ့သည့် နိုဝင်ဘာလ ၃ ရက်နေ့က အင်းစိန်ထောင်တွင်းတရားရုံး၌ အာဏာသိမ်းစစ်ကောင်စီက တရားစွဲ ဆိုလိုက်ခြင်းဖြစ်သည်။

ကိုလင်းထက်နိုင်မှာ ၂၀၂၂ ခုနှစ် ဇွန်လ ၁၈ ရက်နေ့က ဗိုလ်တထောင်မြို့နယ်တွင် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ပြီး လက်ရှိတွင် ၅၀၅(က)အပြင် အနိမ့်ဆုံး ထောင်ဒဏ် ၁၀ နှစ်မှ အမြင့်ဆုံးထောင်ဒဏ် တစ်သက်တစ်ကျွန်း ထိပါချနိုင်သည့် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၀(ည)ဖြင့်ပါ တရားစွဲဆိုခံထားရသည်။

ကိုလင်းထက်နိုင်သည် ၂၀၀၇ ခုနှစ်မှစတင်ကာ ဒီမိုကရေစီပညာရေးနှင့် ဒီမိုကရေစီအရေး လှုပ်ရှားမှုများ တွင် တက်ကြွစွာပါဝင်ခဲ့သူတစ်ဦးလည်း ဖြစ်သည်။ ပြီးခဲ့သော အောက်တိုဘာလ ၁၉ ရက်နေ့က ရန်ကုန် မြို့ အင်းစိန်ထောင်တွင်ဖြစ်ပွားခဲ့သော ဗုံးပေါက်ကွဲမှုနှင့် ကိုလင်းထက်နိုင်ထံသို့ ထောင်ဝင်စာလာပို့သည့် မိခင်ဖြစ်သူ ဒေါ်ကြီးမြင့်(ခ)ဒေါ်မေမေကြည် ထိခိုက်သေဆုံးခဲ့ရသည်။ မိခင်ဖြစ်သူ၏နာရေးသို့သွားရောက် ခွင့်ပြုရန် ကိုလင်းထက်နိုင်၏တောင်းဆိုမှုကိုလည်း ထောင်အာဏာပိုင်များက ပယ်ချခဲ့သည်။

စာတည်း။ ။စောဖေ

စာမူတည်းဖြတ်။ ။စောဖေ

#ပုဒ်မ၅၀(ည)

#အင်းစိန်ထောင်

#အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required