ရုရှားသမ္မတပူတင်ကို ထိုင်ဝမ်အစိုးရ ရှုတ်ချ

ရုရှားသမ္မတပူတင်ကို ထိုင်ဝမ်အစိုးရ ရှုတ်ချ

ထိုင်ဝမ်သည် တရုတ်နိုင်ငံ၏ အစိတ်အပိုင်းဖြစ်သည်ဟူသော ရုရှားသမ္မတ ဗလာဒီမာပူတင်၏ ပြောကြားချက်ကို ထိုင်ဝမ်နိုင်ငံခြားရေးဝန်ကြီးဌာန (MOFA) က အောက်တိုဘာ ၂၉ ရက်က ပြင်းထန်စွာ ရှုတ်ချလိုက်သည်။

ပူတင်က ထိုင်ဝမ်သည် တရုတ်၏ ငြင်းပယ်မရနိုင်သော ရှိရင်းစွဲ အစိတ်အပိုင်းတစ်ခုဖြစ်ကြောင်းနှင့် ရုရှား၏ ရပ်တည်ချက်သည် မပြောင်းလဲသေးကြောင်း အောက်တိုဘာ ၂၇ ရက်က မော်စကိုတွင် ပြုလုပ်သည့် Valdai Discussion Club ဖိုရမ်တွင် ပြောကြားခဲ့သည်။

ထိုင်ဝမ်နိုင်ငံခြားရေးဝန်ကြီးဌာနကလည်း ပူတင်၏ ပြောကြားချက်ကို တုံ့ပြန်သည့်အနေဖြင့် ထိုင်ဝမ်သည် လွတ်လပ်သော အချုပ်အခြာအာဏာပိုင်နိုင်ငံတစ်ခုဖြစ်သည်ဟု ထုတ်ပြန်ခဲ့သည်။

“ထိုင်ဝမ်နဲ့ တရုတ်တို့ဟာ အချင်းချင်း မှီခိုမနေပါဘူး။ တရုတ်ကွန်မြူနစ်ပါတီဟာ ထိုင်ဝမ်ကို ၁ ရက်လေးတောင် မအုပ်ချုပ်ဖူးသလို ထိုင်ဝမ်နဲ့ပတ်သက်ပြီး အချုပ်အခြာအာဏာပိုင်ဆိုင်မှုလည်း မရှိခဲ့ပါဘူး” ဟု ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

ထိုင်ဝမ်၏ အနာဂတ်ကို ထိုင်ဝမ်လူမျိုးများကသာ ဆုံးဖြတ်နိုင်ပြီး ထိုင်ဝမ်သည် တရုတ်အစိုးရ၏ ခြိမ်းခြောက်မှု ဟူသမျှကို အလျှော့ပေးမည်မဟုတ်ကြောင်း ထိုင်ဝမ်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောသည်။

ယူကရိန်းအပေါ် ရုရှားကျူးကျော်မှုနှင့် စစ်လေယာဉ်များဖြင့် ထိုင်ဝမ်ကို ခြိမ်းခြောက်မှုအပါအဝင် တရုတ်၏ ထိုင်ဝမ်အပေါ် ပြင်းထန်လာသော အကျပ်ကိုင်မှုများသည် နိုင်ငံတကာအသိုင်းအဝိုင်း၏ အပြစ်တင်မှုကို ခံထိုက်သည်ဟု ဆိုသည်။

တရုတ်နိုင်ငံ၏ တရားလွန်သော အကြောင်းမဲ့ရန်စမှုကို ရင်ဆိုင်ရချိန်တွင် ထိုင်ဝမ်သည် ဒီမိုကရေစီ၊ လွတ်လပ်မှုနှင့် စည်းမျဉ်းများကို အခြေခံသော နိုင်ငံတကာ စံနှုန်းတန်ဖိုးများကို ကာကွယ်ရန်နှင့် လွတ်လပ်ပွင့်လင်းသော အင်ဒို-ပစိဖိတ်ဒေသ၊ ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် တည်ငြိမ်မှုကို ကာကွယ်ရန်

စိတ်တူကိုယ်တူနိုင်ငံများနှင့် နီးကပ်စွာ ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည်ဟု ထိုင်ဝမ်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly