ရှီကျင့်ဖျင် တတိယအကြိမ် သမ္မတဖြစ်ခြင်းက ကိုလိုနီပြုခံထားရသော နိုင်ငံများကို ခြောက်လှန့်မှုဖြစ်စေ

ရှီကျင့်ဖျင် တတိယအကြိမ် သမ္မတဖြစ်ခြင်းက ကိုလိုနီပြုခံထားရသော နိုင်ငံများကို ခြောက်လှန့်မှုဖြစ်စေ

တရုတ်ကွန်မြူနစ်ပါတီခေါင်းဆောင် ရှီကျင့်ဖျင်သည် အကြိမ် ၂၀ မြောက် ပါတီညီလာခံတွင် သမိုင်းဝင် တတိယ သက်တမ်းအဖြစ် ရွေးချယ်ခံရကာ တရုတ်နိုင်ငံ၏ သမ္မတအဖြစ် တစ်ကျော့ပြန်လာခြင်းသည် မကြာသေးမီ ဆယ်စုနှစ်များအတွင်းက တရုတ်ကိုလိုနီနယ်သစ်များအဖြစ် တရုတ်၏ သိမ်းပိုက်ကိုလိုနီပြုမှုကို ခံထားရသည့် တိဗက်၊ အရှေ့တာကစ္စတန် (ရှင်ကျန်း)၊ မွန်ဂိုလီးယားတောင်ပိုင်း၊ မန်ချူးရီးယားနှင့် ဟောင်ကောင်တို့ကဲ့သို့ အင်အားနည်းသည့်နိုင်ငံများအတွက် စိုးရိမ်မှုများ မြင့်တက်စေသည်။

ကွန်မြူနစ်တော်လှန်ရေးကို အောင်မြင်စွာ ဦးဆောင်ကာ ကွန်မြူနစ်ပါတီ (CCP) နှင့် တရုတ်နိုင်ငံကို ၁၉၄၉ မှ ၁၉၇၆ ခုနှစ်အထိ ပြတ်ပြတ်သားသားနဲ့ အကြင်နာတရားကင်းမဲ့စွာ အုပ်ချုပ်ခဲ့သူ ဥက္ကဋ္ဌ မော်စီတုံး ဒုတိယ အကြိမ် မွေးဖွားခြင်းအဖြစ် ရှီကို ရှုမြင်ထားကြပြီး သမ္မတရှီသည် စစ်တပ်ခေတ်မီဖွံ့ဖြိုးတိုးတက်ရေးနှင့် တိုင်းပြည်မူဝါဒများအတွက် လည်း စီစဉ်လျက်ရှိကြောင်း Singapore Post က ဖော်ပြခဲ့သည်။

ထို့ပြင် ရှီကျင့်ဖျင်သည် သမ္မတသက်တမ်းကို တတိယအကြိမ်အဖြစ် သမိုင်းဝင် ရယူပြီးနောက် တရုတ်၏ တောင်တရုတ်ပင်လယ်နှင့် အရှေ့တရုတ်ပင်လယ် အိမ်နီးချင်းနိုင်ငံများဖြစ်သည့် ထိုင်ဝမ်၊ ဂျပန်၊ တောင်ကိုရီးယား၊ ဖိလစ်ပိုင်၊ ဗီယက်နမ်နှင့် ဘရူနိုင်းစသည့် နိုင်ငံအများအပြားတွင် ကြောက်ရွံ့မှုကို ဖြစ်ပေါ်စေခဲ့သလို သမ္မတသည် တရုတ်နိုင်ငံ၏ စီးပွားရေး၊ နိုင်ငံခြားဆက်ဆံရေးနှင့် လူ့အခွင့်အရေးဆိုင်ရာ များတွင် တင်းမာသောမူဝါဒများကို ပိုမိုလုပ်ဆောင်လာဖွယ်ရှိသည်။ တရုတ်အစိုးရက တိဗက်ရှိ လူသားများ၏ အခြေခံအခွင့်အရေးများကို ချိုးဖောက်ခြင်းနှင့် ကိုယ့်နိုင်ငံအတွင်း အမြတ်ထုတ်မှုများလုပ်ဆောင်ခြင်းကို နှစ်ပေါင်းများစွာ အရှိန်မြှင့်လာခဲ့ပြီး မကြာသေးမီက တိဗက်လူမျိုးများကို အလုပ်အကိုင်နှင့် နေရာချထားမှုများနှင့်ပတ်သက်ပြီး ခွဲခြားဆက်ဆံခြင်းကြောင့် ဒေသခံများသည် ၎င်းတို့ ကိုယ်ပိုင်မြေပေါ်တွင် ဒုတိယတန်းစား အဖြစ် ခံစားလာရသည်။

တိဗက်များသည် မည်သည့်ကဏ္ဍတွင်မဆို အခြေခံကျွမ်းကျင်ရန်မလိုအပ်သော အလုပ်များပင် မရဘဲ တချို့ကိစ္စရပ်များ၌ လုပ်ခလစာမှာ ဟန်လူမျိုးများထက် သိသိသာသာလျော့နည်းကြောင်း တိဗက်ရေးရာ နိုင်ငံတကာလှုပ်ရှားမှု အစီရင်ခံစာ၌ ဖော်ပြထားသည်။

ထို့ပြင် ဖိနှိပ်သောမူဝါဒများသည် တိဗက်တွင် ဆက်လက်ရှိနေသလို တိဗက်လူမျိုးများည် ဘာသာရေး လွတ်လပ်ခွင့်လည်းမရရှိဘဲ ၁၉၅၁ ခုနှစ်မှ ၁၉၆၀ ခုနှစ်အကြား ဘုန်းကြီးကျောင်းပေါင်း ၆ ၀၀၀ ကျော် ဖျက်ဆီးခံရသည်။

တရုတ်ဒေသ ရှင်ကျန်းသည် လူ့အခွင့်အရေးချိုးဖောက်ခံရမှုများအတွက် နာမည်ဆိုးဖြင့် ကျော်ကြားသည်။ တရုတ်သည် ဝီဂါမွတ်စလင်များကို အစုအပြုံလိုက်ထိန်းသိမ်းရေးစခန်းများသို့ ပို့ဆောင်ကာ နှိမ်နင်းခြင်း၊ ဘာသာရေး လှုပ်ရှားမှုများတွင် ဝင်ရောက်နှောင့်ယှက်ခြင်းနှင့် ဝီဂါအသိုက်အဝန်းမှအဖွဲ့ဝင်များအား အတင်းအကျပ် ပြန်လည်ပညာပေးခြင်း သို့မဟုတ် အယူဝါဒသွတ်သွင်းမှုပုံစံလုပ်ဆောင်ခြင်းများအတွက် တစ်ကမ္ဘာလုံး၏ ဝေဖန်ရှုတ်ချမှုကို ခံရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly