စစ်ကောင်စီ လက်အောက်ခံ မအီနယ်မြေရဲစခန်းမှူးကို AA ဖမ်းဆီး

စစ်ကောင်စီ လက်အောက်ခံ မအီနယ်မြေရဲစခန်းမှူးကို AA ဖမ်းဆီး

နိုဝင်ဘာလ ၄ ရက်

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ မအီမြို့တွင်ယနေ့ နိုဝင်ဘာလ ၄ ရက်နေ့က ကျင်းပပြုလုပ်သည့် စစ်ကောင်စီလက်အောက်ခံ ဌာနပေါင်းစုံ ကထိန်ပွဲတွင် မအီ နယ်မြေရဲစခန်းမှူးအား ရက္ခိုင့်တပ်တော်(AA) က ဖမ်းဆီးခဲ့ကြောင်း သိရသည်။

ဖမ်းဆီးခံရသူမှာ ပြီးခဲ့သည့် ၂၀၂၁ခုနှစ်မှ စတင်ကာ စစ်ကောင်စီလက်အောက်ခံ မအီနယ်မြေရဲစခန်းတွင် တာဝန်ထမ်းဆောင်နေသည့် နယ်မြေရဲစခန်းမှူး ရဲအုပ် ဝင်းထွန်းနိုင် (အသက် ၅၂နှစ်ခန့်) ဖြစ်ပြီး ကထိန်ပွဲ၌ ထမင်းစားနေချိန်တွင် အရပ်ဝတ်ဖြင့် AA တပ်ဖွဲ့ဝင် ခြောက်ဦးက ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်ကြောင်း ဒေသခံများထံက သိရသည်။

“ကထိန်က စံတွေးရွာမှာ ပြုလုပ်နေတာ။ နံနက် ၁၁ နာရီလောက်ကပါ။ ထမင်းစား နေတဲ့အချိန် AA က တပ်ဖွဲ့ဝင် ခြောက်ယောက်လောက် mask တပ်ပြီးတော့ လာတာ။ ပြီးတော့ သူတို့ ထမင်းစားဝိုင်းကနေ ဖမ်းသွားတာ။ ဘာကြောင့်ဖမ်းသွားတာလဲတော့ ကျွန်တော်တို့လည်း မသိဘူး ” ဟု မအီမြို့ရပ်ကွက် အုပ်ချုပ်ရေးမှူးတစ်ဦး ကပြောသည်။

ထိုသို့ နယ်မြေရဲစခန်းမှူးအဖမ်းခံရပြီးနောက် မအီမြို့တွင် စစ်ကောင်စီတပ်နှင့် ရဲများ ပူးပေါင်းကာ စစ်ဆေးရေးတင်းကျပ်ထားကြောင်း မအီဒေသခံများထံကသိရသည်။

“မအီရဲ့အခြေအနေက အသွားအလာက အစ အကုန်တင်းကျပ်ထားတယ်။ စစ်သားနဲ့ ရဲသား (စစ်ကောင်စီတပ်သားနှင့်ရဲ) တွေ ပူးပေါင်းပြီးတော့ အစောင့်တွေ အများကြီး ချထားတာတွေ့ရပါတယ်။ အသွားအလာတွေကို စစ်ဆေးနေတာပေါ့။ ဒေသခံတွေ လည်း အပြင်သိပ်မထွက်ကြဘူးပေါ့” ဟု ဒေသခံတစ်ဦးက ပြောသည်။

စစ်ကောင်စီအနေဖြင့် ကျောက်ဖြူ၊ ရမ်းဗြဲ၊ မာန်အောင်၊တောင်ကုတ်စသည့်မြို့နယ်များမှ ဒေသခံများကို AA နှင့်ဆက်စပ်သည့်ဟုဆိုကာ မကြာခဏ ဖမ်းဆီးတရားစွဲဆိုခြင်း များရှိသကဲ့သို့ AA အနေဖြင့်လည်း စစ်ကောင်စီတပ်သားနှင့်ရဲများကို ဖမ်းဆီးမှုများ ရှိသည်။

ရခိုင်ပြည်နယ်တွင် စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော် (AA) တို့ တိုက်ပွဲများ ဖြစ်ပွားနေပြီး စစ်ရေးတင်းမာနေမူများလည်း ရှိနေသည်။

စာတည်း။ ။မောင်ကောင်း

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly