မုံရွာမြို့ နဂါးတွင်းကျေးရွာကို စစ်ကောင်စီတပ် ဝင်ရောက်တပ်စွဲ၍ မီးရှို့ဖျက်ဆီး

မုံရွာမြို့ နဂါးတွင်းကျေးရွာကို စစ်ကောင်စီတပ် ဝင်ရောက်တပ်စွဲ၍ မီးရှို့ဖျက်ဆီး

နိုဝင်ဘာလ ၄ ရက်

စစ်ကိုင်းတိုင်း ၊ မုံရွာမြို့နယ် တောင်ဘက်ခြမ်း ခုနစ် မိုင်ခန့်အကွာ တွင် စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်နှင့်ပျူစောထီးပူးပေါင်းအဖွဲ့သည် နဂါးတွင်း ကျေးရွာတွင် ဝင်ရောက်တပ်စွဲ၍ မီးရှို့ဖျက်ဆီးကာ အနီးပတ်ဝန်းကျင်သို့ စစ်ကြောင်းထိုး နေကြောင်း ဒေသခံများထံက သိရသည်။

ယမန်နေ့ နိုဝင်ဘာ ၃ ရက်နေ့ နံနက် ၇ နာရီ ဝန်းကျင်ခန့်တွင် စစ်ကောင်စီတပ်သား ၅၀နှင့် ပျူစောထီး ၂၀ခန့်ပါဝင်သောပူပေါင်းအဖွဲ့က အိမ်ခြေ ၅၀၀ ခန့် ရှိသည့် နဂါးတွင်းကျေးရွာကို စတင်မီးရှို့ခဲ့ခြင်း ဖြစ်ကြောင်း ဒေသခံ တစ်ဦးထံ က သိရသည်။

“ ကျွန်တော်တို့ရွာက နေအိမ်တွေကို ဝင်ဝင်ခြင်း နံနက်ခင်း တစ်ကြိမ် ၊ ညနေပိုင်း မှာ တစ်ကြိမ် မီးရှို့တာတွေ လုပ်ပါတယ်။ ရွာထဲ မှာနေတဲ့ ဒေသခံပြည်သူတွေကတော့ အကုန်လုံး စစ်ကောင်စီတပ်ရဲ့ ရန်ကနေ ရှောင်နေရတယ်” ဟု ဒေသခံပြည်သူတစ်ဦးက မဇ္ဈိမကို ပြောသည်။

ထို့အပြင် စစ်ကောင်စီတပ်သားများနှင့် ပျူစောထီးများသည် နဂါးတွင်းရွာမှ ပြည်သူပိုင်ပစ္စည်းများကို ထော်လာဂျီ နှစ်စီးဖြင့် တောပုရွာသို့ ယမန့်နေ့မှ စ၍ ယနေ့ နိုဝင်ဘာ ၄ရက် နံနက်ပိုင်းအထိ သယ်ယူနေကြောင်း သိရသည်။

“အိမ်ခြေ ၂၀ကျော် ၃၀လောက်တော့ လောင်သွားပြီးလို့ကြားရတယ်။ စခ(စစ်ကောင်စီ တပ်သား) တွေက ရွာထဲမှာရှိသေးတော့ ရွာကိုပြန်ကပ်လို့မရလို့ အသေးစိတ် မသိရသေးဘူး” ဟု နဂါးတွင်း ရွာခံတစ်ဦးက မဇ္ဈိမ ကိုပြောသည်။

နဂါးတွင်း ကျေးရွာကို မီးရှို့ပြီး ထွက်ခွာလာသည့် စစ်ကောင်စီ စစ်ကြောင်းသည် ယနေ့ နံနက်ပိုင်း ၁၀ နာရီ ခန့်တွင် ဂျိုးစု ကျေးရွာကို ရောက်ရှိပြီး မီးရှို့ဖျက်ဆီးမှုများ ထပ်မံပြုလုပ်ခဲ့ကြောင်း ဒေသခံများထံက သိရသည်။

စစ်ကောင်စီတပ် စစ်ကြောင်းထိုးလာမှုနှင့်ပတ်သက်ပြီး “ ရည်ရွယ်ချက်က တောပုကို ဒေသတွင်း ကာကွယ်ရေးတပ်ဖွဲ့တွေက လက်နက်ကြီးနဲ့ မကြာခဏ ပစ်ခတ်တာရှိတယ် ။ ဒီအပြင် မကြာသေးခင်က နဂါးတွင်းက စစ်ကောင်စီ သတင်းပေး ဒလန်တစ်ယောက်ကို ရှင်းလင်းခဲ့တာတွေရှိတာကြောင့် ဒီဘက်ရွာတွေကို စစ်ကြောင်းထိုးလာတာလို့ ယူဆရပါတယ်” ဟု ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဆိုသည်။

စစ်ကောင်စီတပ်သည် မုံရွာမြို့နယ် တောင်ဘက်ခြမ်းတွင် ရွာစဉ်လိုက် စစ်ကြောင်းထိုးနေခြင်းကြောင့် နဂါးတွင်း ၊ ဂျိုးစု ၊ တဲတိုက်ကျေးရွာများ အပါအဝင် ကျေးရွာ ကိုး ရွာခန့် မှ ဒေသခံပြည်သူ ထောင်နှင့်ချီ၍ စစ်ရှောင်နေရကြောင်း သိရသည်။

စာတည်း။ ။မောင်ကောင်း

စာမူတည်းဖြတ်။ ။ သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly