နွားထိုးကြီးမြို့နယ်အတွင်း စစ်ကောင်စီမှ ပြည်သူ ၄ဦးအား သတ်ဖြတ်

နွားထိုးကြီးမြို့နယ်အတွင်း စစ်ကောင်စီမှ ပြည်သူ ၄ဦးအား သတ်ဖြတ်

နိုဝင်ဘာလ ၄ ရက်

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်၊ အမှတ်(၇)ရပ်ကွက်၊(၄၂)ရပ်ကွက်၊ (၄၈)ရပ်ကွက်နှင့် ဆူးဖြူကန်ကျေးရွာတို့မှ ပြည်သူ လေးဦးအားသတ်ဖြတ်ကာ နိုဝင်ဘာလ ၃ရက်နေ့ ည ၉နာရီအချိန်ခန့်တွင် စေဒိတ်ကျေးရွာနှင့် ထန်းတောကျေးရွာကြားတွင် လာရောက်ချထားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

စစ်ကောင်စီမှ အလောင်းများအား လက်ပြန်ကြိုးတုတ်ကာ ဓားဒဏ်ရာများ၊လည်ပင်းပြတ်ရှဒဏ်ရာများဖြင့် လာရောက်ချထားခဲ့ပြီး ယခုလိုလာရောက်ချထားခြင်းမှာ ဒုတိယအကြိမ်မြောက်ဖြစ်တယ်လို့ သိရသည်။

"မနေ့ကညက လာချထားတာ ဟိုတစ်ခေါက်လာချတဲ့ ပုံစံအတိုင်းပဲ၊ ဒီတစ်ခါတော့ သွေးသောက်အဖွဲ့ ဆိုတဲ့စာတွေတော့မပါဘူး၊ ဒီမနက် ၁၀နာရီလောက်မှာ ပရဟိတကားနဲ့လာသယ်သွားတယ်"ဟု NTI Media ထံမှသိရသည်။

စစ်ကောင်စီမှ နွားထိုးကြီးမြို့အမှတ်(၇)ရပ်ကွက်မှ မဘဲဥ (သက်၄၂)နှစ်၊အမှတ်(၈)ရပ်ကွက်မှ ဦးသန်းမြင့်ဆွေ (အသက် ၅၀)ခန့်၊ ဆူးဖြူကန်ကျေးရွာမှ ဦးစောရွှေ(အသက်၅၂)နှစ်နှင့် ပိုင်ရှင်မဲ့ ကလေးအလောင်းတစ်လောင်းတို့အား လာရောက်ချထားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

စစ်ကောင်စီမှ ပြီးခဲ့သည့်အောက်တိုဘာလ ၁၇ရက် ညပိုင်းအချိန်တွင်လည်း မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ် ကုလကြီးကျေးရွာအရှေ့တွင် လူသေအလောင်း ငါးလောင်းကို လာရောက်ချထားခဲ့သေးသည်။

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly