လူငယ်ဗေဒင်ဆရာ လင်းညို့တာရာ ပြန်လည်လွတ်မြောက်လာ

လူငယ်ဗေဒင်ဆရာ လင်းညို့တာရာ ပြန်လည်လွတ်မြောက်လာ

မဇ္ဈိမ။ ။လူငယ်ဗေဒင်ဆရာ လင်းညို့တာရာသည် ယနေ့ နိုဝင်ဘာလ ၄ ရက်နေ့ နံနက်ပိုင်းက အကျဥ်း ထောင်မှ ပြန်လည်လွတ်မြောက်လာပြီဖြစ်သည်ဟု သိရသည်။

ယနေ့နံနက်ပိုင်းက လင်းညို့တာရာ ပြန်လည်လွတ်မြောက်လာပြီဖြစ်ကြောင်း သစ်သူရစျာန် အကောင့် ပိုင်ရှင်က ၎င်း၏ ဖေ့စ်ဘွတ်လူမှုကွန်ရက်စာမျက်နှာတွင်ရေးသားမျှဝေထားသည်။

၎င်းက “လင်းညို့တာရာ ပြန်လွတ်လာပါပြီနော်။ ဒီနေ့မနက်ပဲ။ ပျော်လွန်းလို့ ခြေလက်တွေပါတုန်တယ်” ဟု လင်းညို့တာရာနှင့်တွဲရိုက်ထားသောဓာတ်ပုံတစ်ပုံနှင့်အတူ ရေးသားမျှဝေထားသည်။

အဆိုပါအကြောင်းအရာနှင့်ပတ်သက်ပြီး ဗေဒင်ပညာရှင် လင်းညှို့တာရာ(ခေါ်)ကိုဟိန်းမင်းအောင်အား ၎င်းအသုံးပြုနေသော ဖေစ့်ဘွတ်ပေချ့်နှင့်အကောင့်တွင် ဆက်သွယ်မေးမြန်းအတည်ပြုထားသော်လည်း ပြန်လည်ဖြေကြားခြင်းမရှိသေးပေ။

သို့သော် Hein Min Aung အမည်ရ ဖေစ့်ဘွတ်အကောင့်တွင် “မင်္ဂလာပါ ပြန်လွတ်လာတာပဲ ဝမ်းသာနေ ပါတယ်ဗျာ။ ကျန်းကျန်းမာမာရှိပါတယ်။ စောင့်နေတဲ့သူတွေလည်း ကျေးဇူးပါ” ဟု လွန်ခဲ့သည့် နာရီပိုင်း ခန့်က ပိုစ့်တစ်ခုတင်ထားခဲ့သည်။

လင်းညို့တာရာသည် စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ကျဆုံးခြင်းအတွက် ဆုတောင်း ပေးသည့်ဗွီဒီယိုဖိုင်ကိုလွှင့်တင်ပြီးနောက် အာဏာသိမ်းမှုဆန့်ကျင်သည့် အစီအရင်ပြုလုပ်သည်ဟုဆိုကာ ပုဒ်မ ၅၀၅(ခ) ဖြင့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁၁ ရက်တွင် ၎င်း၏နေအိမ်တွင် လာရောက်ဖမ်းဆီးခံခဲ့ရခြင်း ဖြစ်ပြီး ထောင်ထဲတွင် လ ၂၀ ကျော်ကြာနေထိုင်ခဲ့ရခြင်း ဖြစ်သည်။

လင်းညို့တာရာအား ၁၉၉၆ ခုနှစ်တွင်မွေးဖွားခဲ့ကာ အမည်အရင်းမှာ ဟိန်းမင်းအောင်ဖြစ်ပြီး ဗေဒင်ဟော ပြောချက်နှင့် ယတြာများကြောင့် လူသိများလာခဲ့သည့် လူငယ်တစ်ဦး ဖြစ်သည်။

စာတည်း။ ။စောဖေ

စာမူတည်းဖြတ်။ ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly