ကန့်ဘလူမြို့နယ်တွင် စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့်ပစ်ခတ်၍ ၁ ဦးသေဆုံးပြီး ၂ ဦးဒဏ်ရာရ

By မောင်ခက်နွေ
04 November 2022
ကန့်ဘလူမြို့နယ်တွင် စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့်ပစ်ခတ်၍ ၁ ဦးသေဆုံးပြီး ၂ ဦးဒဏ်ရာရ

နိုဝင်ဘာ ၄

(မဇ္ဈိမ)။ ။စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ်တွင် နိုဝင်ဘာလ ၃ ရက်နေ့က စစ်ကောင်စီတပ်မှ လက်နက် ကြီးဖြင့်ပစ်ခတ်မှုကြောင့် နေအိမ်တလုံးမီးလောင်ကျွမ်းခဲ့ကာ တစ်ဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာရခဲ့ကြောင်း ဒေသခံတစ်ဦးက မဇ္ဈိမကိုပြောသည်။

စစ်ကောင်စီတပ်သည် ကန့်ဘလူမြို့နယ် ကိုးတောင်ဘို့ရွာတွင် တပ်စွဲထားခြင်းဖြစ်ပြီး ဇီးကနားကျေးရွာ သို့ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။

“ကန့်ဘလူမြို့နယ် ကိုးထောင်ဘို့ရွာမှာအခြေချထားတဲ့ စကစတပ်က မနေ့ကမနက်ခင်းမှာ ဇီးကနားတို့၊ နှောကုန်း၊ ရှောဖြူကုန်းတို့ အနောက်ဘက်မှာရှိတဲ့ စတောင်ပြင်ပေါ့။ အဲဒီနေရာတွေကို စစ်ကြောင်းဝင် သွားတယ်။ စတောင်ပြင်က ဒေသခံတွေ စစ်ဘေးရှောင်နေတဲ့နေရာ။ စစ်ကြောင်းဝင်ပြီး ပြန်အထွက်ကို ကိုးထောင်ဘို့မှာ အထိုင်ချထားတဲ့ စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ လှမ်းပစ်တာ” ဟု ဒေသခံတစ်ဦး ကဆိုသည်။

ဒီလက်နက်ကြီးဖြင့်ပစ်ခတ်မှုကြောင့် သေဆုံးသွားသူမှာ ကလေးငယ်တစ်ဦးဖြစ်ပြီး ကျန်နှစ်ဦးမှာလည်း ဒဏ်ရာပြင်းထန်ကြောင်း သိရသည်။

လက်ရှိတွင် ဇီးကနား၊ ရှော်ဖြူကုန်း၊ နှောကုန်းကျေးရွာများမှ ဒေသခံ ၁၀ ဦးကျော်ကို စစ်ကောင်စီတပ်မှ ဖမ်းဆီးထားကြောင်း သိရသည်။

ပုံစာ - လက်နက်ကြီး ထိမှန်ခဲ့သော ဒေသခံများ

စာတည်း။ ။စောဖေ

စာမူတည်းဖြတ်။ ။စောဖေ

#စစ်ကိုင်းတိုင်း

#ကန့်ဘလူမြို့နယ်

#လက်နက်ကြီးဖြင့်ပစ်ခတ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly