စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုများ ပိုတိုးလုပ်ဆောင်လာစဉ် မြန်မာကို လေယာဉ်ဆီတင်ပို့မှု ရပ်တန့်ရေး AI အဖွဲ့ တိုက်တွန်း

စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုများ ပိုတိုးလုပ်ဆောင်လာစဉ် မြန်မာကို လေယာဉ်ဆီတင်ပို့မှု ရပ်တန့်ရေး AI အဖွဲ့ တိုက်တွန်း

November 4

စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုများ တိုးမြှင့်လာစဉ် မြန်မာနိုင်ငံကို လေယာဉ်ဆီ တင်ပို့မှုများ ရပ်ဆိုင်းရန် လေယာဉ်ဆီ တင်ပို့ပေးသွင်းသူများကို  နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ (AI) က တိုက်တွန်းတောင်းဆိုလိုက်သည်။ စစ်တပ်က အရပ်သားပစ်မှတ်များကို လေကြောင်းတိုက်ခိုက်မှုများ လုပ်ဆောင်ရန် လေယာဉ်ဆီများ အသုံးပြုခြင်းအပေါ် တားဆီးနိုင်ရေးအလို့ငှာ မြန်မာကို လေယာဉ်ဆီ တင်ပို့မှုများ ရပ်တန့်ရေး AI အဖွဲ့က တောင်းဆိုခြင်း ဖြစ်သည်။

အရပ်ဖက် ခရီးသွားလာမှုအတွက်သာလျှင် အသုံးပြုမည်ဟု ယူဆရသည့် လေယာဉ်ဆီကို လမ်းကြောင်းလွှဲပြောင်းမှုနှင့် ပတ်သက်ပြီး လန်ဒန် အခြေစိုက် လူ့အခွင့်အရေးအဖွဲ့က နိုဝင်ဘာ ၃ ရက်တွင် ထုတ်ပြန်သည့် အစီရင်ခံစာတစ်ရပ်တွင် မှတ်တမ်းတင် ထုတ်ဖော်ထားသည်။

ထို့ပြင် လေယာဉ်ဆီ ထုတ်လုပ်သူများ၊ တင်ပို့သည့်ကုမ္ပဏီများနှင့် လေယာဉ်ဆီ ထုတ်လုပ်ရောင်းချမှုလုပ်ငန်းစဉ်အတွင်း အခြားပါဝင်နေသူများအနေဖြင့် လေယာဉ်ဆီကို မြန်မာစစ်တပ်၏ စစ်ရေးအသုံးပြုမှုအတွက် လွှဲပြောင်းပေးခြင်း မရှိစေရန် သေချာအောင် မလုပ်နိုင်မချင်း ယင်းကဲ့သို့ တင်ပို့မှုများကို ရပ်ဆိုင်းထားရေး AI က တောင်းဆိုခဲ့သည်။

မြန်မာနိုင်ငံတွင် ၂၀၂၁ ဖေဖေါ်ဝါရီလက ရွေးကောက်ခံအရပ်သားအစိုးရကို ဖြုတ်ချပြီး စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း အာဏာသိမ်းစစ်တပ်ကို ဆန့်ကျင်တော်လှန်တိုက်ခိုက်မှုတွင် ပါဝင်ပတ်သက်ခြင်း မရှိသည့် အရပ်သား ဒါဇင်များစွာတို့ စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ရသည့် သတင်းများထွက်ပေါ်ပြီးနောက် ယခု အစီရင်ခံစာ ထွက်ရှိလာခြင်းဖြစ်သည်။ ယင်းအစီရင်ခံစာကို AI အဖွဲ့က တက်ကြွလှုပ်ရှားသူအဖွဲ့တစ်ခုဖြစ်သည့် Justice for Myanmar နှင့် ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။

“ဒီလို လေကြောင်းတိုက်ခိုက်မှုတွေက မိသားစုတွေကို ဝမ်းနည်းပက်လက်ဖြစ်စေတာ၊ အရပ်သားတွေကို အကြမ်းဖက်ခြိမ်းခြောက်တာ၊ အသက်ဆုံးရှုံးစေတာနဲ့ သေရာပါ ဒဏ်ရာရစေတာတို့ကို ဖြစ်စေခဲ့ပါတယ်။ တကယ်လို့သာ စစ်လေယာဉ်တွေဟာ လေယာဉ်ဆီ မဖြည့်နိုင်တော့ဘူးဆိုရင် သူတို့ ပျံတက်နိုင်မှာမဟုတ်သလို ကသောင်းကနင်းအခြေအနေတွေကိုလည်း ဖြစ်စေတော့မှာ မဟုတ်ပါဘူး။ ဒါကြောင့်မို့ လေယာဉ်ဆီ ပေးသွင်းသူတွေ၊ တင်ပို့တဲ့ အေးဂျင့်တွေ၊ သင်္ဘောပိုင်ရှင်တွေနဲ့ ရေကြောင်းအာမခံကုမ္ပဏီတွေအနေနဲ့ မြန်မာလေတပ်ကို အကျိုးဖြစ်ထွန်းစေလျက် ရှိတဲ့ ဒီ လေယာဉ်ဆီ ထုတ်လုပ်ထောက်ပံ့ရောင်းချမှု ကွင်းဆက်ထဲကနေ ထွက်ခွာကြဖို့ မိမိတို့ တောင်းဆိုနေရတာဖြစ်တယ်” ဟု AI အဖွဲ့၏ အထွေထွေ အတွင်းရေးမှူး အက်ဂ်နက်စ် ကော်လာမာ့ဒ်က ထုတ်ပြန်ချက်တစ်စောင်တွင် ပြောသည်။

“စစ်ရာဇဝတ်မှုတွေ၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ပြစ်မှုတွေနဲ့ အခြား ကြီးလေးတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ကျူးလွန်နေတယ်လို့ ထပ်တလဲလဲ စွပ်စွဲခံနေရပြီး လူ့အခွင့်အရေးချိုးဖောက်မှုတွေအတွက် ပြောင်ပြောင်တင်းတင်း ပမာမခန့်လုပ်နေတဲ့ မြန်မာအာဏာသိမ်းစစ်တပ်ကို လေယာဉ်ဆီ ပေးသွင်းရောင်းချမှုမှာ ပါဝင်ပတ်သက်တာက ဘယ်လိုမှ လျော်ကန်မှု မရှိနိုင်ပါဘူး” ဟု ၎င်းက ပြောသည်။

(ကိုလူအေး ဘာသာပြန်သည်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required