ပဋိပက္ခ အကျပ်အတည်းအတွက် မြန်မာစစ်အာဏာသိမ်းအုပ်စုတွင် တာဝန်ရှိဟု အင်ဒိုနီးရှား ပြော 

ပဋိပက္ခ အကျပ်အတည်းအတွက် မြန်မာစစ်အာဏာသိမ်းအုပ်စုတွင် တာဝန်ရှိဟု အင်ဒိုနီးရှား ပြော 

November 4

အာဆီယံနှင့် သဘောတူထားသော ငြိမ်းချမ်းရေး အစီအစဉ်တစ်ရပ်တွင် အကောင်အထည်ဖော်မှု ချို့တဲ့ခြင်းအတွက် မြန်မာစစ်အာဏာသိမ်းအုပ်စုတွင် တာဝန်ရှိကြောင်း အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးက ကြာသပတေးနေ့တွင် ပြောပြီး ပဋိပက္ခ ဒဏ်သင့် မြန်မာနိုင်ငံ၌ ရန်လိုမှုများ အဆုံးသတ်ရေး ကြိုးစားရာတွင် ဒေသတွင်း အာဆီယံအဖွဲ့အနေဖြင့် မိမိ၏ အပိုင်းအား ဆောင်ရွက်ထားပြီး ဖြစ်ကြောင်း ဖြည့်စွက်ဆိုသည်။ 

၂၀၂၁ ဖေဖော်ဝါရီလ၌ ရွေးကောက်ခံ အစိုးရကို စစ်တပ်က ဖြုတ်ချပြီး အာဏာသိမ်းခဲ့ချိန်မှစကာ မြန်မာနိုင်ငံတွင် ဖြစ်ပွားပေါ်ပေါက်လျက် ရှိသော ဆူပူအကြမ်းဖက်မှုများ ရပ်တန့်ရေးအတွက် ပြီးခဲ့သည့်နှစ်က သဘောတူထားသော ငြိမ်းချမ်းရေးအစီအစဉ်ကို အကောင်အထည်ဖော်ရန် အရှေ့တောင်အာရှနိုင်ငံများအသင်း အာဆီယံက မြန်မာနိုင်ငံအား တိုက်တွန်းလျက် ရှိသည်။ 

လွန်ခဲ့သော ၁၈ လခန့်က သဘောတူခဲ့သည့် ထို အစီအစဉ်တွင် အပြုသဘောဆောင် ဆွေးနွေးပွဲများ ပေါ်ပေါက်ရေး၊ လူသားချင်းစာနာထောက်ထားရေး အကူအညီများ လက်ခံရေးနှင့် အာဆီယံအထူးသံတမန်များအား လာရောက်ခွင့်ပြုရေး စသည်တို့ ပါဝင်သည်။ 

ဖြစ်ပေါ်တိုးတက်မှု ချို့တဲ့ခြင်းအတွက် အပြစ်သည် စစ်အာဏာသိမ်းအုပ်စုတွင်သာ ရှိကြောင်း လာမည့်နှစ်၌ အာဆီယံ၏ ဥက္ကဋ္ဌဖြစ်မည့် အင်ဒိုနီးရှားနိုင်ငံ၏ နိုင်ငံခြားရေးဝန်ကြီး ရတ်နို မာဆူဒီက ရိက်တာသို့ ပြောသည်။ 

“ပြစ်တင်ဝေဖန်မှုတွေကို အာဆီယံအပေါ် မထားရှိသင့်ဘူး၊ စစ်အာဏာသိမ်းအုပ်စုကိုပဲ ပြစ်တင်သင့်တယ်”ဟု အင်တာဗျူးတစ်ရပ်၌ ၎င်းက ပြောသည်။ 

“ပျက်ကွက်သူကို အပြစ်တင်ဖို့ ကျွန်မတို့ ပြောကြဆိုကြမယ်ဆိုရင် ဒါဟာ ကျွန်မတို့အပေါ်၊ အာဆီယံအပေါ် မဖြစ်သင့်ဘူး၊ ကျွန်မတို့က ကိုယ့်အပိုင်းကို လုပ်ဆောင်ထားပြီး ဖြစ်တယ်”ဟု ၎င်းက ဆိုသည်။ 

ထင်မြင်ချက်ပေးရန် တောင်းခံသည်ကို မြန်မာစစ်အာဏာသိမ်းအုပ်စု စစ်ကောင်စီက တုံ့ပြန်ခြင်း မရှိပေ။ တိုးတက်မှု ကင်းမဲ့ခြင်းအတွက် စစ်ကောင်စီသည် နိုင်ငံတွင်းက မတည်ငြိမ်မှုများနှင့် ကပ်ဘေးတို့ကို ယခင်က အပြစ်ဆိုထားသည်။ 

လာမည့် သီတင်းပတ် အာဆီယံခေါင်းဆောင်များ ထိပ်သီးအစည်းအဝေး မတိုင်ခင် ငြိမ်းချမ်းရေး အစီအစဉ် အကောင်အထည် ပေါ်ရေးအတွက် အရှေ့တောင်အာရှနိုင်ငံများမှ အဆင့်တူ နိုင်ငံခြားရေးဝန်ကြီးများသည် အကြံဉာဏ်များ ပေးလာကြကြောင်း ရတ်နိုက ပြောသည်။ 

“ကျွန်မတို့က မြန်မာနိုင်ငံကို နိုင်ငံရေးအကျပ်အတည်းကနေ လွန်မြောက်စေမယ့် အမျိုးသား ဆွေးနွေးညှိနှိုင်းမှုကို လွယ်ကူအဆင်ပြေအောင် လုပ်ဆောင်နေတာပါ၊ မြန်မာရဲ့ ပြဿနာကို မြန်မာပြည်သူတွေပဲ ဖြေရှင်းနိုင်တယ်ဆိုတာ ကျွန်မတို့ အသိပါ၊ ပြင်ပက မဖြေရှင်းပေးနိုင်ပါဘူး”ဟု ၎င်းက ပြောခဲ့သည်။ 

(မိုးသဲ ဘာသာပြန်သည်။) 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required